ပဲခူးမှာ ဆယ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ၊ လူငယ်တစ်ဦးသေဆုံး

ဖေဖော်ဝါရီ ၂၈
ကောင်းလက်ျာ(VOM)

ပဲခူးမြို့နယ် ဘူတာကုန်း တံတားအနီးမှာ ဆန္ဒဖော်ထုတ် ဖော်ထုတ်နေကြသူတွေကို ဒီနေ့မွန်းတည့် ၁၂ နာရီခန့်က လုံခြုံရေးလုပ်ဆောင်နေကြတဲ့ တပ်နဲ့ရဲတပ်ဖွဲ့ဝင်များမှပစ်ခတ်ဖြိုခွဲခဲ့တာကြောင့် ဆယ်ဦးထက် မနည်း ထိခိုက် ဒဏ်ရာရခဲ့တဲ့အပြင် လူငယ်တစ်ဦးသေဆုံးခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်။

“လတ်တလော လူမှုကယ်ဆယ်ရေးလုပ်ကိုင်နေသူတွေ အပြောအရ ဆယ်ဦးနီးပါး ထိခိုက်ဒဏ်ရာရတယ်၊ လူငယ်တဦး ကျည်ထိမှန်သေဆုံးခဲ့တယ်လို့သိရပြီး ဘယ်ကဘယ်သူဆို‌တာ မသိသေးဘူး” လို့ ပဲခူးမြို့ခံ သတင်းထောက်တဦးက ပြောပါတယ်။

အဆိုပါ သေဆုံးသူ လူငယ်ဟာ ပဲခူးမြို့နယ် မဇင်းရပ်ကွက် ဒိုဘီ ၁ လမ်းနေသူဖြစ်ပြီး လတ်တလောမှာ နေရပ် လိပ်စာ အတည်ပြုရုံသာ ရှိပါသေးတယ်။ မိသားစုဝင်တွေ မလာသေးဘူးလို့ သူ့ရဲ့ ရုပ်အလောင်းကို ပဲခူးဆေးရုံကြီးကို ပို့ပေးခဲ့သူ ပဲခူးမြို့သက်ကျနွယ် လူမှုကူညီရေး အသင်းမှ လူငယ်တစ်ဦးက ပြောပါတယ်။

“အသက်နဲ့အမည် မသိသေးဘူး။ လက်ရှိ ရင်ခွဲတိုက်မှာ ကျွန်တော်တို့စောင့်နေဆဲပါ” လို့သူက ဆက်ပြောပါတယ်။

ပဲခူးမြို့ပေါ်က အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေကြတဲ့ သပိတ်စစ်ကြောင်းတွေဟာ ရန်ကုန်- မန္တလေးကားလမ်းအတိုင်း ချီတက်ပြီး ဆန္ဒဖော်ထုတ်နေကြတုန်းမှာ ပဲခူးမြစ်ကူးတံတားပေါ်အရောက် ရဲနဲ့တပ်က မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့တဲ့အပြင် အဝေးကနေပြီး လက်နတ်ငယ်အချို့နဲ့ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓါတ်ပုံ-သန်းဝင်းနိုင်
#voiceofmyanmar #vom #ပဲခူး

Related posts

Leave a Comment

VOM News

FREE
VIEW