ကသာမြို့မှာ ဓါတ်ရိုက်ဓါတ်ဆင် ယတြာအစီအရင်ပြုလုပ်ပြီးမှ ဆန္ဒဖော်ထုတ်

မတ် ၇-၂၀၂၁
စပ်ခွန်သာ(VOM)

ကသာမြို့မှာ ဒီနေ့ မတ်လ(၇)ရက် မနက်ပိုင်းက စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် ဆန္ဒဖော်ထုတ်ဖို့ လာကြသူတွေက စုရပ်မှာ “တပေါင်းကူးရင် အကြောင်းထူးစေရမယ်ဟေ့” ဆိုတဲ့ ဓါတ်ရိုက်ဓါတ်ဆင် ယတြာပြုလုပ်ကြပြီးမှ ဆန္ဒဖော်ထုတ်တာကို စတင်ခဲ့ကြပါတယ်။

အစီအရင်အတွက် အပင်တစ်ရာမှာ တစ်ပင်ပေါက်ခဲတဲ့ ငှက်ပျောပင်ကို ရှာဖွေခဲ့ရကာ ငှက်ပျောပင်မှာ “စစ်အာဏာရှင်” လို့ရေးထားပြီး ငှက်ပျောပင်ထိပ်ဖျားက ဓါတ်ပုံတစ်ခုမှာတော့ “အံ တံ ၊တံ အံ”ဆိုတဲ့ စာသားရေးထားပါတယ်။ ငှက်ပျောပင်စည်က ဖောက်ထွက်နေတဲ့ ငှက်ပျောဖူး ငှက်ပျောခိုင်နေရာမှာတော့ “သား များ စစ် ရဲ” ဆိုတဲ့ စာသားရေးထားပြီး သဲထည့်ထားတဲ့ ခြင်းတစ်လုံးထဲမှာ စိုက်ထူထားတာ တွေ့ရပါတယ်။

အစီအရင်လုပ်ရတဲ့ အကြောင်းကို ကသာမြို့ဒေသခံတစ်ဦးက “တပေါင်းလထဲရောက်ရင် ပြည်သူတွေ ကိုယ်စိတ်နှလုံး အေးချမ်းကောင်းမွန်ပါပြီ။တပေါင်းကူးရင် အကြောင်းထူးမယ်ဆိုတဲ့ သဘောတရားပေါ့။ ငါးရက်လောက်ပဲလိုတော့တာပါ။ မြန်မာပြည်သူပြည်သားအားလုံးအတွက် အရေးတော်ပုံကြီးအောင်မြင်ပြီး စစ်အာဏာရှင်စနစ်ကျဆုံးဖို့ ဓါတ်ရိုက် ဓါတ်ဆင်ပြုလုပ်ပြီး ဆန္ဒဖော်ထုတ်ဖို့ ချီတက်ကြတာ”လို့ ပြောပါတယ်။

ဆန္ဒဖော်ထုတ်ဖို့ လာရောက်ကြသူတွေက ဓါတ်ရိုက် ဓါတ်ဆင်ပြုလုပ်ထားတဲ့ ယတြာငှက်ပျောပင်ကို ရေလောင်းပြီး ဆွဲလှဲကြပါတယ်။ ခြေထောက်တွေနဲ့ နင်းခြေရင်း “တပေါင်းကူးရင် အကြောင်းထူးစေရမယ်ဟေ့ စစ်အာဏာရှင်စနစ်အမြန်ဆုံးကျဆုံးပါစေ” လို့ ကြွေးကြော်ခဲ့ကြပါတယ်။

အာဏာရှင်စနစ် ကျဆုံးရေးအတွက် ကသာမြို့အပြင် ပုဂံဒေသမှာလည်း ကျိန်စာတိုက်တာတွေ၊ ယတြာချေတာတွေ ပြုလုပ်ကြတာကိုတွေ့ရပါတယ်။

#VoiceOfMyanmar #VOM #ကသာမြို့ #ဓါတ်ရိုက်ဓါတ်ဆင် #ယတြာ

Related posts

Leave a Comment

VOM News

FREE
VIEW