မြောက်ဥက္ကလာသပိတ် ဖြိုခွဲမှု ထိခိုက်ဒဏ်ရာရသူများပြီး လူတစ်ရာကျော် ဖမ်းခံထားရ

ရန်ကုန်၊ မတ် ၁၀-၂၀၂၁
ACT(VOM)

မြောက်ဥက္ကလာပမြို့နယ် ကန်သာယာပန်းခြံရှေ့မှာ ဒီနေ့ မတ်လ ၁၀ရက်နေ့ မနက်ပိုင်းက ပြုလုပ်တဲ့ ဆန္ဒပြပွဲကို စစ်တပ်နဲ့ရဲက မျက်ရည်ယိုဗုံး၊ အသံဗုံး၊ ရာဘာကျည်တို့အပြင် ကျည်အစစ်တွေပါသုံးပြီး ဖြိုခွင်းခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူများပြီး လူတစ်ရာကျော်ဖမ်းဆီးခံရကြောင်း သပိတ်ဦးဆောင်သူကနေ သိရပါတယ်။

“လတ်တလော ဒဏ်ရာရရှိသူတွေဆိုရင် ဗိုက်ကိုထိတဲ့သူတစ်ယောက်ရယ် ပေါင်ကိုထိတဲ့သူရယ် အခြားထိတဲ့သူတွေလည်း ရှိသေးတယ်။ စာရင်းအတိအကျရဖို့မလွယ်သေးဘူး” လို့ အဲ့ဒီသပိတ်ကို ဦးဆောင်သူတဦးက ပြောပါတယ်။

“ကန်သာယာပန်းခြံထဲမှာ မနက်ကတည်းကဖမ်းတာ ၆၀ ကျော်ရယ် စိန်ဂေဟာဝန်းထဲမှာလည်း ထပ်မိတယ် စုစုပေါင်း တစ်ရာကျော်ရှိတယ်”လို့ ဆက်ပြောပါတယ်။

နောက်ထပ် သတင်းရင်းမြစ်တခုကတော့ ဒီနေ့ မနက်ပိုင်းက လူ၄၀၀ကျော် ဖမ်းဆီးခံထားရတာဖြစ်ပြီး အချုပ်ကားနှစ်စီးနဲ့ ပို့ပြီးချိန် ကျန်နေတဲ့ ဖမ်းခံရသူတွေကို ဆန္ဒပြသူတွေက ဝင်လုတဲ့အတွက် ဖမ်းဆီးခံရသူ ၂၀၀နီးပါး ပြန်လွတ်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃ရက်နေ့ကလည်း မြောက်ဥက္ကလာပမြို့နယ်သပိတ်ကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းခဲ့လို့ လူအသေအပျောက်အများအပြား ရှိခဲ့ပါတယ်။

#VoiceOfMyanmar #VOM #ဖြိုခွဲ #ဒဏ်ရာရ #ဖမ်းခံရ

Related posts

Leave a Comment

VOM News

FREE
VIEW