CDM ပါဝင်တဲ့ ဆရာ၊ဆရာမတွေကို ဥာဏ်ရည်မမီလို့ လုပ်ခဲ့မိတယ်ဆိုတဲ့ အချက်ပါထည့်ပြီး လက်မှတ်ထိုးခိုင်း

မတ် ၁၀-၂၀၂၁
ကျော်သူမြင့်

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းက CDM လှုပ်ရှားမှာမှာ ပါဝင်ဆောင်ရွက်နေကြတဲ့ အခြေခံပညာ ဆရာ၊ဆရာမတွေကို ဥာဏ်ရည်မမီလို့ လုပ်ခဲ့မိပါတယ်ဆိုတဲ့ အချက်ကိုပါ ထည့်သွင်းပြီး ဝန်ခံကတိ လက်မှတ်ထိုးခိုင်းတာတွေရှိနေတယ်လို့ CDM လှုပ်ရှားမှုမှပါဝင်တဲ့ ဆရာ၊ဆရာမတွေဆီကနေသိရပါတယ်။

“မြို့နယ်ပညာရေးမှူးရုံးမှာလာပြီး CDM လှုပ်ရှားမှာမှာပါတဲ့ ဆရာ၊ဆရာမတွေကို ဝန်ခံကတိလက်မှတ်ထိုးခိုင်းတယ်။ လက်မှတ်ထိုးခိုင်းတဲ့အထဲမှာ ဥာဏ်ရည်မမီလို့လုပ်ခဲ့မိပါတယ်ဆိုတဲ့ အချက်ကိုလည်း ထည့်သွင်းထားတယ်။ ဆရာ၊ဆရာမတွေမှ မဟုတ်ဘူး ပြည်သူတွေအကုန်လုံးက ဥာဏ်ရည်မီလွန်းလို့ မတရားသဖြင့်အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြနေကြတာ ကျွန်မကတော့မထိုးခဲ့ဘူး။ သူတို့လုပ်ချင်တာလုပ်လို့ပြောခဲ့တယ်။ တခြား ဆရာ၊ဆရာမတွေလည်း လက်မှတ်မထိုးကြဘူး။ ဝန်ခံကတိလက်မှတ်ထိုးလိုက်တဲ့သူတွေတော့ ရှိပါတယ်” လို့ ပူတာအိုမြို့နယ်က CDM လှုပ်ရှားမှာမှာ ပါဝင်ဆောင်ရွက်နေတဲ့ ဆရာမတစ်ယောက်ကပြောပါတယ်။

အဲ့ဒီ ဝန်ခံကတိလက်မှတ်ထိုးခိုင်းရာမှာ CDM ပြုလုပ်တဲ့ ဆရာ၊ဆရာမတွေကို လစာမဲ့ခွင့်နေရမယ်၊ CDM ပြုလုပ်နေရာကနေထွက်မယ့် ဆရာ၊ဆရာမတွေကို ပုဒ်မ-၅၀၅(က)၊ ၅၀၅(ခ)တို့နဲ့ ငြိစွန်းနိုင်တာကိုမသိလို့ CDM လှုပ်ရှားမှုမှာ ပါဝင်မိတယ်ဆိုတာအပြင် ဥာဏ်ရည်မမီလို့ CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့မိခြင်းဖြစ်တယ်ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။

ဖေဖော်ဝါရီ ၈ ရက်ကစပြီး လက်ရှိအချိန်အထိ ပူတာအိုမြို့နယ်မှာ CDM လှုပ်ရှားမှုမှာ ပါဝင်ဆောင်ရွက်နေကြတဲ့ မူလတန်းပြ၊ အလယ်တန်းပြနဲ့ အထက်တန်းပြ ဆရာ၊ဆရာမပေါင်း ၁၃၉ ယောက် ရှိတယ်လို့ သိရပါတယ်။

#VoiceOfMyanmar #VOM #ဆရာဆရာမ #ဥာဏ်ရည်မမီလို့လုပ် #လက်မှတ်ထိုးခိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW