မြန်မာ့အရေးအပေါ် အာဆီယံခေါင်းဆောင်တွေရဲ့ အထူးအစည်းအဝေးခေါ်ဖို့ အင်ဒိုနီးရှားသမ္မတ တောင်းဆို

ဂျကာတာ၊ မတ်-၁၉-၂၀၂၁
မျိုးဆက် (VOM)

မြန်မာ့အရေးနဲ့ပတ်သက်ပြီးဆွေးနွေးဖို့ အာဆီယံအဖွဲ့ခေါင်းဆောင်တွေရဲ့ အထူးအစည်းအဝေးတစ်ရပ် ခေါ်ယူဖို့အတွက် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက တောင်းဆိုလိုက်ပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနဲ့ ပြန်လည်တည်ငြိမ်ရေးနဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ သူကတိုက်တွန်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အကြပ်အတည်းနဲ့ပတ်သက်ပြီး အထူးဆွေးနွေးပွဲလုပ်ဖို့အတွက် အာဆီယံအဖွဲ့ရဲ့ လက်ရှိဥက္ကဌ ဘရူနိုင်းနိုင်ငံနဲ့ မကြာခင်အချိန်မှာ ဆွေးနွေးသွားမယ်လို့ ဝီဒိုဒိုကပြောပါတယ်။

အင်ဒိုနီးရှားအနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတို့ ပြန်လည်ထွန်းကားရေးအတွက် တွေ့ဆုံဆွေးနွေးရေးနဲ့ ပြန်လည်သင့်မြတ်ရေးတို့ကို ချက်ချင်းလုပ်ဆောင်ဖို့ တိုက်တွန်းတယ်လို့သူကပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက်အာဏာသိမ်းမှုပြီးနောက် ထိခိုက်သေဆုံးခဲ့ရတဲ့ မြန်မာပြည်သူတွေနဲ့ သူတို့ရဲ့မိသားစုအတွက် မိမိနဲ့ အင်ဒိုနီးရှားပြည်သူတွေက ၀မ်းနည်းကြေကွဲကြောင်းကိုလည်း အင်ဒိုနီးရှားသမ္မတက ထုတ်ဖော်ပြောဆိုပါတယ်။

နောက်ထပ် အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေမဖြစ်ရေးအတွက် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ အင်ဒိုနီးရှားနိုင်ငံက တိုက်တွန်းထားပြီး ပြည်သူတွေဘေးကင်းလုံခြုံရေးက ပထမဦးစားပေးဖြစ်တယ်လို့ သူကပြောဆိုပါတယ်။

အာဆီယံနိုင်ငံခြားရေး၀န်ကြီးတွေရဲ့ အလွတ်သဘောအစည်းအဝေးတစ်ရပ်ကို မတ် ၂ ရက်မှာ အွန်လိုင်းကနေ ပြုလုပ်ခဲ့ကြပြီး ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်ဖြိုခွင်းတာတွေရပ်တန့်ဖို့နဲ့ မြန်မာပြည်သူတွေရဲ့ဆန္ဒကိုလေးစားဖို့ တိုက်တွန်းခဲ့ကြပါတယ်။

Ref : Straits Times
Photo: Reuters
#voiceofmyanmar #VOM #ဂျကာတာ

Related posts

Leave a Comment

VOM News

FREE
VIEW