ပစ်ခတ်မှုကြောင့် လူနှစ်ဦးသေဆုံးခဲ့ရတဲ့ ပဲခူး ဆံတော်တွင်း ရပ်ကွက်က အတားဆီးတွေကို စစ်တပ်က မီးရှို့ဖျက်ဆီး

မတ်၂၁-၂၀၂၁
KLY(VOM)

ပဲခူးမြို့နယ်မှာ မနေ့ မတ်၂၀ရက် ညနေက ပစ်ခတ်မှုတွေကြောင့် လူနှစ်ဦးသေဆုံးခဲ့ရတဲ့ ဆံတော်တွင်းရပ်ကွက် အဝင်က အတားဆီးတွေကို စစ်တပ်နဲ့ရဲက ဒီနေ့ မတ်၂၁ရက် မနက်အစောပိုင်းက မီးရှို့ဖျက်ဆီးခဲ့လို့ ဒေသခံတွေ ဝိုင်းဝန်းငြိမ်းသတ်နေရတယ်လို့ သိရပါတယ်။

ဆံတော်တွင်းရပ်ကွက်အဝင်ကအတားဆီးတွေကို မီးရှို့သွားတာပါ။ တစ်ခြားရပ်ကွက်က အတားဆီး တွေကိုလည်းမီးရှို့နေလို့ ဒေသခံတွေက လုံခြုံရေးတွေ ရှိနေ‌တဲ့ ရပ်ကွက်တွေကို ရှောင်ရှားသွားလာဖို့ ဖေ့ဘုတ်စ်မှာ ပိုစ့်တွေတင်နေကြတယ်လို့ ပဲခူးမြို့ခံ တစ်ဦးက ပြောပြပါတယ်။

တပ်မတော်နဲ့ရဲတပ်ဖွဲ့ဝင်တွေဟာ မနေ့ ညနေက စတင်ပြီး ပဲခူးမြို့ ဆံတော်တွင်း ရပ်ကွက်ထဲမှာ သေနတ် အစစ်တွေနဲ့ ပစ်ခတ်မှုပြုသလိုရာဘာကျည် တွေနဲ့လည်း ပစ်ခတ်ခဲ့တာကြောင့် အမျိုးသားနှစ်ဦး သေဆုံးပြီး၁၁ ဦးထိခိုက်ဒဏ်ရာကာ လေးဦးဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တပ်မတော်ကအာဏာရယူခဲ့ပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၈ ရက်လောက်က စတင်ကာ ပဲခူးမြို့မှာ နေ့စဉ် အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပြုလုပ်နေပြီး လုံခြုံရေးက ပစ်ခတ်မှုတွေကြောင့် အမျိုးသားအမျိုးသမီး ၁၂ ဦး ကျဆုံးခဲ့ရသလို ‌၄၅ ဦးကျော် ဖမ်းဆီးခံထားရတယ်လို့ စုံစမ်းသိရှိရပါတယ်။

#VoiceOfMyanmar #VOM #ပဲခူး #ဆံတော်တွင်းရပ်ကွက် #အတားအဆီးတွေကိုမီးရှို့

Related posts

Leave a Comment

VOM News

FREE
VIEW