မန္တလေးတိုင်းအတွင်း တည်ငြိမ်ရေး ပုံမှန်လည်ပတ်နိုင်ဖို့ စီးပွားရေးလုပ်ငန်းရှင်တွေကို စစ်တပ်ကခေါ်ယူတွေ့ဆုံနေ

မန္တလေး-မတ်-၂၆-၂၀၂၁
Voice Of Myanmar

ဆန္ဒပြမှုတွေအပါအဝင် ကိုဗစ်ရောဂါကြောင့် ရပ်ဆိုင်းထားတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ဈေးအသီးသီးကကော်မတီဝင်တွေ၊ ရှော့ပင်းမောတာဝန်ရှိသူတွေ၊ ခရီးသွားလာရေးလုပ်ငန်းလုပ်သူတွေကို လက်ရှိမန္တလေးတိုင်းကို ထိမ်းချုပ်ထားတဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တာဝန်ရှိသူတွေက ကဏ္ဍအလိုက် နန်းတွင်းက လပခ ရုံးမှာ ခေါ်ယူတွေ့ဆုံနေပါတယ်။

အဲလိုတွေ့ဆုံတာမှာ ရပ်ရွာတည်ငြိမ်ရေးအတွက် သူတို့လုပ်ကိုင်နေတာတွေရှင်းပြသလို စီးပွားရေးလုပ်ငန်းတွေပုံမှန်လည်ပတ်ဖို့ ဈေးတွေပြန်ဖွင့်ဖို့လိုကြောင်း ၊ တရားဥပဒေစိုးမိုးဖို့နဲ့ လုံခြုံရေး တာဝန်ကို အပြည့်ဝရဖို့ သူတို့လုပ်ပေးနေတာတွေ ရှင်းပြတယ်လို့ ခေါ်ယူတွေ့ဆုံခံရတဲ့ လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

စစ်တပ်ဖက်က အဓိကရှင်းပြတဲ့ အချက် ၇ ချက်ကိုမှတ်သားလာသူတယောက် VOM ကို ပေးပို့လာတာကတော့

၁။ ဥပဒေရဲ့ အကာအကွယ်သည် ပြည်သူလူထုအတွက် အလုံခြုံဆုံးဖြစ်သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။

၂။အကြမ်းဖက်ဆူပူဆန္ဒပြသူအချို့သည် ရပ်ကွက် ဝင်လမ်းထွက်လမ်းများအား သဲအိတ်များ၊ လူလုပ်အတားအဆီးများဖြင့်ပိတ်၍ အဆိုပါ ရပ်ကွက်နေပြည်သူများထံမှ သဲအိတ်ဖိုးများ ကောက်ခံနေသည့်အပြင် ညဘက်လုံခြုံရေး အစောင့်ကင်းကြေးများ တောင်းခံလျက် ဥပဒေမဲ့၊ မင်းမဲ့စရိုက်ဆန်ဆန် ဆောင်ရွက်လျက် ပြည်သူများအပေါ် အကြောက်တရားဖြင့် ဆောင်ရွက်လျက်ရှိကြောင်း။

၃။ တပ်မတော်နေ့ ၂၇-၃-၂၀၂၁ ရက်နေ့တွင် အဖျက်အမှောင့်လုပ်ငန်းများဆောင် ၊ တရားမဝင်လက်နက်/ခဲယမ်းများ သယ်ဆောင်နေမှုနှင့် အဖျက်အမှောင့် သမားများ ဒေသတွင်းဝင်ရောက်နေကြောင်း သတင်းများဖြစ်ပေါ်လျက်ရှိသောကြောင့် ဒေသတွင်း ဧည့်စာရင်းစစ်ဆေးခြင်းများ နေ /ည ဆောင်ရွက်သွားမည်ဖြစ်ပြီး ဧည့်သည် များအနေဖြင့် ရပ်ကွက်စီမံအုပ်ချုပ်ရေးရုံးများသို့ ဧည့်စာရင်းတိုင်ကြားထားရန် ။

၄။ ပြည်သူလူထု၏ အခြေခံလိုအပ်ချက်များဖြစ်သော စားဝတ်နေရေး ၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စများ အဆင်ပြေစေရေးအတွက် ဆေးရုံများ၊ ဘဏ်များ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ ၊ မော်တော်ယာဉ်လိုင်းများ ၊ လေကြောင်း၊ ရေကြောင်း ခရီးစဉ်များ၊ Shopping Mall နှင့် Market ကြီးများပြန်လည်ဖွင့်လှစ်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်မှာ မည်သည့်အကျိုးစီးပွားအတွက် မျှော်လင့်ဆောင်ရွက်နေခြင်း မဟုတ်ဘဲ ပြည်သူများ၏ အခြေခံလိုအပ်ချက်များအား ဖြည့်ဆည်းပေးလိုသည့် ရည်ရွယ်ချက်သာဖြစ်ကြောင်း။

၅။ လက်ရှိဆောင်ရွက်နေသော အိုးဘိုထောင်တွင် ယာယီထိန်းသိမ်းထားသူများအား စေလွှတ်ပေးလျက်ရှိရာ ( ၂)ကြိမ်မှာ ကျား(၄၄)ဦး၊ မ(၁၇ )ဦး မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲပြောင်း အပ်နှံခဲ့မှုမှာ မည်သည့်နိုင်ငံရေးအမြတ်ထုတ်လိုမှု မရှိကြောင်း၊ နိုင်ငံရေးအရောင်အသွေးမရှိသော အပြစ်ကင်းသည့် သား/သမီးအရွယ် ကျောင်းသူ ကျောင်းသားများ၏ အနာဂတ်အရေးအတွက် မိဘချင်း ကိုယ်ချင်းစာစိတ်ဖြင့် လွှတ်ပေးတာဖြစ်ကြောင်း၊ အချို့မှာ အကောင်းမမြင်ဘဲ အပျက်သဘောဖြင့်ဖော်ပြနေမှုများသည် အကျဉ်းထောင်ထဲတွင်ကျန်နေသောသူများ၏ လွှတ်မြောက်မှုအတွက် အဟန့်အတား ဖြစ်သွားနိုင်၍ သတိပြုစေချင်ကြောင်း။

၆။ လက်ရှိအခြေအနေတွင် အေးချမ်းတည်ငြိမ်စွာနေလိုသည့် ရပ်ကွက်များ အတွင်းသို့ အကြမ်းဖက်ဆူပူမှုကိုလိုလားသူများသည် အခြားနေရာမှရောက်ရှိလာပြီး “အကြမ်းဖက်အခြေခံနယ်မြေ ပြုမူလျက်ရှိကြောင်း၊ ဒလန် ”အဖြစ် ဖန်တီးကာ ၎င်းတို့အနေဖြင့် မင်းမဲ့စရိုက်ဆန်ဆန် /သတင်းပေးခေါင်းစဉ်တပ်၍ အိမ်များအားဝင်ရောက်ဖျက်ဆီးရိုက်နှက်ပြီး လိုလားပစ္စည်းများယူဆောင်ခြင်းနှင့် လုံခြုံရေးတပ်ဖွဲ့ များရောက်ရှိပါက အကြမ်းဖက်တိုက်ခိုက်ကာ ရပ်ကွက်အတွင်း ပျက်ဆီး/ဖျက်ဆီးမှုများကို ဖန်တီးလုပ် ဆောင်လျက်ရှိကြောင်း။

၇။ အဓိကအချက်မှာ လက်ရှိအခြေအနေများတွင် CDM အခြေခံပြီး ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးမှုအား ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် အကြမ်းဖက်မှုကို ဦးတည်စေသော ဆူပူဆန္ဒပြမှုများအား သွေးတိုးလှုံ့ဆော်လျက် သတင်းမှားများ ထုတ်ပြန်ဆောင်ရွက်နေသောကြောင့် မှန်ကန်သောသတင်းမှန်ပြန်ကြားရေးကို ပြည်သူများ သိရှိစေရန် ဆောင်ရွက်ပေးစေလိုကြောင်း။

စတာတွေကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ စစ်ဦးစီးချုပ်၊ လုံနယ်ဝန်ကြီး ၊ တိုင်းရဲတပ်ဖွဲ့မှူး စတဲ့သူတွေက သူတို့ဖြစ်စေချင်တာပြောသလို လုပ်ငန်းရှင်တွေကလည်း သူတို့အခက်အခဲတွေ တင်ပြကြတယ်လို့သိရပါတယ်။

ဒီကနေ့လည်း ဈေးတချို့က ကော်မတီဝင်တွေကို ခေါ်ယူထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မန္တလေး #အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်

Related posts

Leave a Comment

VOM News

FREE
VIEW