မြစ်ကြီးနားမှာ သတင်းထောက် ၂ ဦး သတင်းယူနေစဉ် ဖမ်းဆီးခံရ

မတ် ၂၉-၂၀၂၁
VOM

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ အေးစေတီရပ်ကွက်မှာ ဒီနေ့ မတ် ၂၉ ရက်က ဆန္ဒဖော်ထုတ်သူတွေကို ရဲနဲ့ စစ်သားတွေက ဖြိုခွင်းရာမှာ သတင်းယူနေတဲ့ Kachinwaves သတင်းဌာနနဲ့ The 74 Media က သတင်းထောက် ၂ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

အဖမ်းခံလိုက်ရတဲ့ သတင်းထောက်တွေကတော့ Kachinwaves သတင်းဌာနက ကိုလ​ရော်နဲ့ the 74 Media က မချန်ဘူတို့ပါ။ သူတို့သတင်းယူနေတဲ့ အေးစေတီရပ်ကွက်အတွင်း ရဲကား ၊ စစ်ကားတွေ မဝင်နိုင်အောင် ပိတ်ဆို့ပြီး လူငယ်တွေ ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။

သတင်းထောက်တွေ အဖမ်းခံရတာနဲ့ ပတ်သက်ပြီး Kachinwaves အယ်ဒီတာ ကိုမရန်ကို မေးကြည့်တော့ “ထွက်​ပြေးတဲ့အချိန် ဖမ်းခံရတာ ရပ်ကွက်ထဲကနေ ဆိုင်ကယ်နဲ့အထွက် လမ်းဘက်ရောက်တော့ လွတ်ပြီထင်ပြီး ရပ်လိုက်တဲ့အချိန်မှာ ရဲကားရောက်လာပြီး တစ်ခါတည်းဖမ်းသွားလိုက်တာ ဟုတ်တယ်၊ အခု PCG နဲ့တော့ ချိတ်ထားတယ် ဘာမှတော့ မသိရသေးဘူး” လို့ ပြောပါတယ်။

အဖမ်းခံရတဲ့ သတင်းထောက် ၂ ဦး ပြန်လွတ်မြောက်ဖို့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ က ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဆောင်ရွက်နေတဲ့ အခြေအနေကို အသေးစိတ် သိရဖို့ PCG ကို မေးကြည့်ရာမှာ “ဟုတ်တယ် အခု ဖုန်းနဲ့ဆက်သွယ်ပြီး လိုက်လုပ်ပေးနေတယ်။ ဖမ်းသွားတဲ့ ရဲတပ်ဖွဲ့အနေနဲ့ကလည်း အလုပ်လုပ်နေချိန်မို့လား မသိဘူး ဖုန်းကို မကိုင်သေးတာ အခုထိ ဘယ်မှာထိန်းသိမ်းထားတယ် ဆိုတာလည်း မသိသေးဘူး “လို့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။

မြစ်ကြီးနားမြို့ အေးစေတီရပ်ကွက်၊ ရမ်ပူရပ်ကွက်နဲ့ ခေမာသီရိလမ်းသွယ်တို့မှာ ဒီနေ့ တစ်‌မနက်ခင်းလုံး ဆန္ဒဖော်ထုတ်မှုတွေ ရှိနေခဲ့ပြီး ရဲနဲ့ စစ်သားတွေကလည်း လူစုလိုက်ခွဲနေတာပါ။

ပုံစာ – သတင်းထောက် ၂ဦး ဖမ်းခံရတဲ့နေရာက မြင်ကွင်း
#VoiceOfMyanmar #VOM #သတင်းထောက် #ဖမ်းခံရ #Kachinwaves #The74Media #ကိုလ​ရော် #မချန်ဘူ

Related posts

Leave a Comment

VOM News

FREE
VIEW