မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်မှာ ကလေးတစ်ဦး ပါးကျည်ထိ

မတ် ၂၉-၂၀၂၁
VOM

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက် နယ်မြေ ၁၄ မှာ ဒီနေ့ မတ် ၂၉ ရက်မနက်က ရပ်ကွက်အတွင်း ဝင်ရောက် ပစ်ခတ်ရာမှာ ပါးကိုကျည်မှန်တဲ့ အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ကျည်အစစ် ၂ ဦးထိမှန်ပြီး ရာဘာကျည်ထိတာ ၃ ယောက်ရှိခဲ့ပါတယ်။

ရမ်ပူ နယ်မြေ ၁၄ ရပ်ကွက်အတွင်းကို ရဲနဲ့ စစ်ကားတွေ ဝင်မလာအောင် လူငယ်တွေစုပြီးရပ်ကွက်လမ်းတွေပိတ်စောင့်နေတုန်းမှာ တစ်ဖက်လမ်းကပတ်ဝင်လာပြီး ဝင်ပစ်တယ်လို့ သိရပါတယ်။

“ကားကတောင်ဘက်ကဝင်လာတာ အိမ်ရှေ့ ဆိုင်ဘက်ကနေ ပစ်ဝောာ့တာပဲ ကျွန်တော်က အပေါ်ကနေကြည့်နေတော့ ဘယ်လိုမှ လုပ်မရဘူး အဲ့နားမှာ(အိမ်အတွင်း တန်းလျားခုံကိုလက်ညှိုးထိုးပြ) ကလေးက ညာဘက်ပါးမှန်တာ သူတို့သားအမိ ဒီလိုပဲ ထိုင်နေတာ ” ဆိုပြီး ကျည်အစစ်မှန်သွားတဲ့ ကလေးရဲ့ မိသားစုဝင်က ပြောပြပါတယ်။

လက်ရှိအချိန်မှာတော့ ကျည်အစစ်မှန်ထားသူတွေကို ဆေးကုသပေးနေတယ်လို့ ကျန်းမာရေးကိစ္စအတွက် အကူအညီပေးနေသူကပြောပါတယ်။ ပစ်ခတ်သွားတဲ့ ရပ်ကွက်လမ်းတစ်လျှောက် အိမ်နံရံတွေ အိမ်တွေရဲ့ ထုပ်တန်းတွေမှာ ကျည်ရာတွေတွေ့ရသလို ရာဘာကျည်မှန်ထားတဲ့ ရပ်ကွက်နေပြည်သူတွေကိုလည်း တွေ့ရပါတယ်။

ပစ်ခတ်မှုဖြစ်သွားတဲ့ အခြေအနေကိုမေးကြည့်တော့ “ဟိုဘက်မှာ ဘဝသစ်ဆိုတာ လ္ဘက်ရည်ဆိုင်ရှေ့က မုန့်ဆိုင်ရှိတယ် အဲ့ဘက်က လာပြီးတော့မှ စစ်သားကကာပြီးတော့ တစ်ယောက်အရင်ပစ်တယ် လ္ဘက်ရည်ဆိုင်ထဲကလည်း ဝင်ပြီးမှ ပစ်တယ်။ ပစ်ပြီးကားတောက်လျှောက်မောင်းလာတယ် ဒီအနားရောက်တော့ ကားရပ်ပြီးပစ်တယ်။ ကျွန်တော်တို့လူငယ်တွေလည်း ပြေးလာပြီး ဘတ်ခွနဲ့ပြန်ပစ်ကြတာရှိတယ်။ အဲ့ဒီမှာ သူတို့ ထမင်းဆိုင်ဘက်ပစ်သွားသေးတယ်၊ ဟို အိမ်ကိုလည်း ပစ်သွားတယ် အိမ်တန်းကလည်း ပေါက်တယ် ထရံလည်းပေါက်တယ် ကလေးကိုလည်းမှန်သွားတယ် အစ်ကိုကြီးတစ်ယောက်လည်း ပေါင်မှန်သွားတယ်” လို့ အပစ်ခံရမှု ကိုယ်တွေ့ကြုံပြီး ထွက်ပြေးလာရတဲ့ လူငယ်က ပြောပါတယ်။

ဒီနေ့ မနက်ပိုင်းကစပြီး အေးစေတီရပ်ကွက် ၊ ခေမာသီရိလမ်း ၂၄ နဲ့ ရမ်ပူရပ်ကွက်က လမ်းတွေမှာ ရဲနဲ့ စစ်သားတွေက ရပ်ကွက်တွင်းလမ်း ပိတ်ဆို့မှူတွေကို လိုက်လံရှင်းလင်းခဲ့ပါတယ်။ အဲ့ဒီလို ဝင်ရောက်ရှင်းလင်းရာမှာ အသံဗုံးပစ်ဖောက်တာအပြင်၊ ရာဘာကျည်နဲ့ ပစ်ခတ်တာတွေ ရှိခဲ့ပါတယ်။

#VoiceOfMyanmar #VOM #မြစ်ကြီးနား #ရမ်ပူရပ်ကွက် #ကလေးကျည်ထိမှန်

Related posts

Leave a Comment

VOM News

FREE
VIEW