ရမ်ပူရပ်ကွက်က ကျည်ထိကျဆုံးခဲ့ရသူရဲ့ ရုပ်အလောင်းကို မပခမှ ယူဆောင်စစ်ဆေး

မတ် ၃၁ -၂၀၂၁
YAT

မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်၊ ကွက်သစ် နယ်မြေ (၁၄)မှာ မနေ့မတ်လ ၃၀ ရက်နေ့က စစ်သားနဲ့ ရဲတွေ ပစ်ခတ်ဖြိုခွဲခဲ့လို့ ရင်ဘတ်ကျည်မှန် ကျဆုံးခဲ့တဲ့ ကိုမျိုးမင်းသူရဲ့ ရုပ်အလောင်းကို ဒီကနေ့မနက်ပိုင်းမှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)က ရင်ခွဲဖို့ ယူဆောင်မယ်လို့ မိသားစု၀င်တွေကနေ သိရပါတယ်။

ရင်ခွဲစစ်ဆေးဖို့ ၂ နာရီကြာ ယူဆောင်မှာဖြစ်ပြီး စစ်ဆေးပြီးတဲ့အခါ ရုပ်အလောင်း ပြန်လည်ရရှိဖို့ကို ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ကြားဝင်ပြီး အာမခံ ညှိနှိုင်းပေးထားတယ်လို့ သိရပါတယ်။

မနေ့ မတ်လ ၃၀ရက်နေ့က ကိုမျိုးမင်းသူရဲ့ ရုပ်အလောင်းကို ပေးလိုက်ဖို့အတွက် ရပ်ကွက်က အကြီးအကဲတွေနဲ့ ညှိနှိုင်းပြီး ရပ်ကွက်ကို ဒုက္ခမပေးဖို့နဲ့ ယူသွားလို့ စစ်ဆေးပြီးတဲ့အခါမှာ ပြန်ပို့ပေးဖို့ သဘောတူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ကျဆုံးသွားခဲ့ရတဲ့ ကိုမျိုးမင်းသူမှာ ၃ နှစ်အရွယ် သမီးငယ်နဲ့ ဇနီးကျန်ရှိခဲ့တာပါဖြစ်ပြီး သူ့ဇနီးကတော့ ရပ်ကွက်ကို မထိခိုင်စေချင်လို့ အခုကိစ္စကို လက်ခံခဲ့ရတာဖြစ်တယ်လို့လည်း သ်ိရပါတယ်။

” တကယ်လို့ တစ်ကိုယ်ကောင်းဆန်ပြီးလက်မခံလိုက်ဘူးဆိုရင် ရပ်ကွက်နာမှာဆိုးလို့လေ၊ သူတို့ကလည်းနောက်ဆုံး အဲ့ဒါတွေ လုပ်လာမယ်လို့ ပြောလာတဲ့အတွက် အဲ့ဒါကြောင့်မို့ပါ၊ အစ်မတို့ဘက်ကတော့ ဒီလို ကောင်းကောင်းမွန်မွန်လေးပဲ သင်္ဂြိုဟ်ချင်တယ်လေနော၊ သူတို့ကို ပေးလိုက်မယ်ဆိုရင် ခွဲစိတ်မယ် ဘာညာ မလုပ်စေချင်ဘူး ။ အစ်မတို့ ရှေ့ဆက်ရမယ့် ဘဝတော့ နည်းနည်းလေး ရင်လေးတယ်၊ သူ့အတွက်ကတော့ အရမ်းကောင်းပါတယ်။ အဲ့ဒီလိုမျိုး မတရားတာကိုတော်လှန်ရင်းနဲ့ ကျဆုံးသွားတဲ့လူတစ်ယောက် သူအရမ်းဖြစ်ချင်တာ၊ အဲ့ဒီလိုကြောင့် ရှေ့ဆုံးကနေ သူအရမ်းသွားတယ်မနက်ဆိုသွားတယ် ညဆို ခနပြန်လာတယ် ပြီးတော့ ညလုံးပေါက် ကင်းစောင့်သွားတယ်”လို့ ကိုမျိုးမင်းသူရဲ့ဇနီးဖြစ်သူက ပြောပါတယ်။

မနေ့ကလည်း ကျဆုံးသွားသူရဲ့ ရုပ်အလောင်းကိုမြင်မှာစိုးလို့ ဒဏ်ရာရတဲ့သူနဲ့အတူတူ နှစ်ယောက်လုံးကိုသယ်ပြီး ထွက်ပြေးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

အလောင်းကို ထုတ်မပေးတဲ့အတွက် ရပ်ကွက်နေပြည်သူတွေနဲ့ တင်းမာမှုဖြစ်ခဲ့ပြီး ဘေးပတ်၀န်ကျင်က နေအိမ်နဲ့ ဆိုင်ခန်းကို မီးရှို့ပြီး ထွက်သွားတာလို့ သိရပါတယ်။

ယူသွားတဲ့အလောင်းကို ပြန်ရဖို့အတွက် အောင်နန်းရပ်ကွက်က ဟာဂျီတွေက အာမခံချက်ပေးသွားတယ်လို့ ကိုမျိုးမင်းသူရဲ့ မိသားစု၀င်တွေကပြောပါတယ်။

” ကျမတို့က အစက လက်မခံပါဘူး၊ GZ လူငယ်တွေရော လူကြီးတွေရော ဘယ်သူမှ လက်မခံပါဘူး၊ ကျွန်မတို့ကလည်း ကလေးတွေများတဲ့အတွက် ဒုက္ခရောက်မှာစိုးလို့ ကျမတို့ လက်ခံပေးလိုက်ရတာပါ၊ မနေ့က ဖြစ်စဉ်ဖြစ်ပြီး အလောင်းကို စစ်သားနဲ့ ရဲတွေ ယူဆောင်မရအောင် နေရာရွေ့ထားတဲ့အခါမှာ ဖိအားပေးတာတွေရှိတယ်”လို့ ကိုမျိုးမင်းသူရဲ့ မိသားစုဝင်ကပြောပါတယ်။

နောက်ပြီး ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ကနေတစ်ဆင့် အလောင်းကိုထုတ်ပေးဖို့ လာပြောတာတွေလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

” ဦးလေးတွေကလည်း အလောင်းကိုပေးလိုက်ပေါ့ သူတို့က ခြိမ်းခြောက်နေတဲ့ ပုံစံမျိုးဖြစ်နေတဲ့ အပေါ်မှာ ဒီအလောင်းကို ပေးလိုက်ပေါ့၊ ကျွန်တော်တို့က လောလောဆယ်မပေးနိုင်ဘူး ဘာမှန်းမသိသေးဘူး လူငယ်တွေတိုင်ပင်အုန်းမယ် ပေးသင့်ပေးထိုက်လျှင်ပေးမယ် မပေးသင့်လျှင် မပေးဘူးလို့ ဆုံးဖြတ်ချက်ချတယ်၊ အောင်နန်းက လူကြီးတွေရောက်လာပါတယ်၊ ဒီလိုဒီလို အဆင်ပြေအောင်လုပ်လိုက် ခိုက်ရန်ဖြစ်ပွားမှုတွေ မဖြစ်ရအောင်ပေါ့၊ အာဇာနည်တစ်ယောက်ဖြစ်တဲ့အပေါ်မှာ ဘာပဲဖြစ်ဖြစ် ကမ္ဘာကလည်း သိသွားမယ်ပေါ့ မွတ်စလင်တွေကို နှိပ်ကွပ်မှု ကမ္ဘာက သိတဲ့အခါ ဖိနှိပ်မှုနည်းပါးသွားအောင် လုပ်ဆောင်လိုက်ရတာဖြစ်ပါတယ်။ သူ့ရဲ့ ရုပ်အလောင်းကို မပခ ကိုသယ်သွားပြီး စစ်ဆေးပြီး ရုပ်ပျက်ဆင်းပျက်မလုပ်ဘူးပေါ့ သေချာတယ်ဆို ထုတ်ပေးမယ်လို့ ကျွန်တော်တို့ ပြောလိုက်တယ် ” လို့ ကျဆုံးသူရဲ့ မိသားစုဝင်က ပြောပါတယ်။

ဒီနေ့ မပခ ကို သယ်ယူစစ်ဆေးပြီး ပြန်ပို့လာတဲ့အချိန် ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီး မွန်းလွဲ ၂ နာရီမှာ သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။

မနေ့က အသက် ၂၃ နှစ် အရွယ် ကိုမျိုးမင်းသူ ကျဆုံးခဲ့တဲ့အပြင် နောက်ထပ်လူငယ်တစ်ဦးလည်း လက်မောင်းမှာ ကျည်ထိမှန်ခဲ့လို့ ဆေးကုသမှု ခံယူနေရပါတယ်။

အဲ့ဒီရပ်ကွက်ထဲက အသက် ၆၀ အရွယ် ဦးဌေး ကိုလည်း ဖမ်းခေါ်သွားကြတယ်လို့ ရပ်ကွက်နေပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #မြစ်ကြီးနား

Related posts

Leave a Comment

VOM News

FREE
VIEW