မုံရွာမှာ စစ်တပ်နဲ့ရဲရဲ့ ပစ်ခတ်မှုကြောင့် ၁ ဦးသေ၊ ၆ ဦး ဒဏ်ရာရပြီး ၅ ဦး ဖမ်းဆီးခံထားရ

ဧပြီ ၁ -၂၀၂၁
KTG (VOM)

စစ်ကိုင်းတိုင်း မုံရွာမြို့ မြဝတီရပ်ကွက် သစ္စာလမ်း ၊ သီတာလမ်းနဲ့ ဒေါင်းကျောင်းတောင်ဘက်အနီးတို့မှာ ဒီနေ့ ဧပြီ ၁ ရက် ညနေပိုင်းက စစ်တပ်နဲ့ရဲရဲ့ ပစ်ခတ်မှုကြောင့် လူငယ် တစ်ဦး ကျည်ဆံထိမှန် သေဆုံးခဲ့ပါတယ်။

သေဆုံးသူ လူငယ်မှာ မြဝတီရပ်ကွက်နေ အသက် ၃၁ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ဦးခေါင်းရဲ့ ဘယ်ဘက်ခြမ်းကနေ ကျည်ဆံဖောက်ဝင် ဒဏ်ရာနဲ့ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

မုံရွာမြို့မှာ ဒီနေ့ မနက်(၁၀)နာရီဝန်းကျင်ကတည်းက ညနေပိုင်းအထိ ပစ်ခတ်မှုတွေဆက်တိုက်ဖြစ်ပေါ်နေတာဖြစ်ပြီး ဒီမနက်ပိုင်းကလည်း မုံရွာမြို့ ထန်းတောရပ်ကွက် ရွှေဝါရောင် ရေတွင်းလမ်း နဲ့ နန်းဦး ဘုန်းကြီးကျောင်းလမ်း အနီး တဝိုက်မှာ လူငယ် ၆ ဦး ကျည်ဆံထိမှန် ဒဏ်ရာရရှိပြီး အမျိုးသား ၃ ယောက် နဲ့ အမျိုးသမီး ၂ ယောက်ဟာလည်း ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

ဒီမနက်မှာ မုံရွာမြို့ရဲ့ ဆန္ဒပြ ပင်မ သပိတ် စစ်ကြောင်းဟာ အဲ့ဒီ ပစ်ခတ်မှုဖြစ်နေတဲ့အချိန်မှာပဲ ရပ်ကွက်တွေထဲ လှည့်လည် ဆန္ဒပြပြီးနောက် ရပ်ကွက်တွေထဲက လမ်းပိတ်ဆို့ထားတဲ့ အရန်အတားတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က လိုက်လံရှင်းလင်းဖယ်ရှားတဲ့အချိန် ဒေသခံ လူငယ်တွေနဲ့ ထိပ်တိုက်တွေ့ဆုံပြီး ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်နဲ့ရဲရဲ့ ပစ်ခတ်မှုတွေကြောင့် မုံရွာမြို့မှာ သေဆုံးသူဦးရေ ၂၀ ကျော်အထိ ရှိလာပြီ ဖြစ်ပါတယ်။

#VoiceOfMyanmar #VOM #မုံရွာ

Related posts

Leave a Comment

VOM News

FREE
VIEW