စစ်ကိုင်းမှာ ညကင်းစောင့်တဲ့အမျိုးသား ၂ ဦးကို စစ်တပ်နဲ့ရဲတွေက ပစ်ခတ်လို့ ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရ

စစ်ကိုင်း၊ ဧပြီ ၂- ၂၀၂၁
ရှိုင်းအောင်(VOM)

စစ်ကိုင်းမြို့၊ ဆွမ်းချက်ရပ်ကွက်မှာ ဧပြီ ၁ ရက်နေ့ညက ညကင်းစောင့်တဲ့အမျိုးသား ၂ ဦးကို စစ်တပ်နဲ့ရဲတွေက ပစ်ခတ်ခဲ့တာကြောင့် ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရှိခဲ့တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ညကင်းသမား ကိုအေးချမ်း အသက် (၃၆) နှစ်ရဲ့ ရင် ဘတ်နဲ့ ဆီးခုံကို ကျည်ဆံထိမှန်ကာ သေဆုံးခဲ့တာဖြစ်ပြီး ရုပ်အလောင်းကိုတော့ ဒီကနေ့မနက်ပိုင်းကပဲ မီးသင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။

“မနေ့ညက စစ်တပ်နဲ့ရဲတွေက ကင်းလှည့်နေချိန်မှာ သူတို့က ပုန်းနေတာ ခဏနေကြတော့ အသံမကြားရတော့လို့ ပြန်သွားပြီထင်တဲ့အချိန်မှာ သူတို့ ၂ ယောက်က အရေးတော်ပုံ အောင်ရမယ်လို့ အော်ပြီးထွက်လာတော့ စစ်သားတွေက အောင်ဦးကွာ အောင်ဦးကွာဆိုပြီး သေနတ်နဲ့ ၃ ချက်ပစ်တာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကိုင်းမြို့မှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုတွေကြောင့် မတ် ၂၇ မှာ စစ်ကိုင်းမြို့နယ်သဗြူးရွာက ကိုအာကာ၊ ဇေယျာရပ်ကွက်က ကိုဘော်ဘော် နဲ့ ဧပြီ ၁ ရက်နေ့ညပိုင်းက သေဆုံးခဲ့တဲ့ ကိုအေးချမ်းအပါအဝင် သေဆုံးသူ ၃ ဦးရှိတယ်လို့ သိရပါတယ်။

သတင်းဓာတ်ပုံ-AMW

#VOM #voiceofmyanmar #Sagaing #ဆန္ဒပြ #သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW