နမ်မချီမှော်မှာ စစ်တပ်နဲ့ ကေအိုင်အေတို့ တိုက်ပွဲဖြစ်

ဧပြီ ၄ -၂၀၂၁
MHS(VOM)

အဖိုးတန်ကျောက်စိမ်းထွက်ရှိရာ နေရာတစ်ခုဖြစ်တဲ့ မိုးညှင်းမြို့နယ်၊ နမ်မချီမှော်မှာ ဒီကနေ့မနက်ပိုင်းက စစ်တပ်နဲ့ ကေအိုင်အေ တပ်မဟာ ၈ လက်အောက်က တပ်ရင်းတစ်ခုတို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်တပ်ယာဥ်တန်းတွေကို ကေအိုင်အေက မိုင်းခွဲတိုက်ခိုက်မှုအပြီးမှာ နမ့်မချီမှော်အတွင်း တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

“ဒီမနက် အောက်စပေါ့ရွာ ဘုန်းကြီးကျောင်းနားမှာ ပစ်ကြတာ။ အခု မှော်သွားတဲ့လမ်းကို ပိတ်ထားတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အဲ့ဒီတိုက်ပွဲဟာ မနက်ပိုင်းကတည်းက ပစ်ခတ်နေကြပြီး ၁၂နာရီကျော်ဝန်းကျင်အထိ ပစ်ခတ်သံတွေရှိနေကာ အထိအခိုက် ကျဆုံးစာရင်းကိုတော့ မသိရသေးပါဘူး။

“ပြီးခဲ့တဲ့ နှစ်ရက်က တိုက်ပွဲတွေငြိမ်သွားလို့ လမ်းတွေ ဖွင့်လိုက်သေးတယ်။ ဒီမနက်ပြန်ဖြစ်လို့ မှော်ထဲသွားမယ့်သူတွေ ပြန်ကွေ့ပြန်လာရတယ်”လို့ မိုးညှင်းမြို့ ကျောက်စိမ်းဝယ်/ရောင်းတစ်ဦးကပြောပါတယ်။

နမ့်မချီမှော်ဟာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်တိုင်းနယ်စပ် မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာနဲါ ၄မိုင်ခန့်အကွာမှာတည်ရှိပြီး လက်ရှိမှာ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေ သက်တမ်းတိုးမြှင့်ပေးထားခြင်းမရှိပေမယ့်လည်း လုပ်ကွက် ၃ ခုလောက်က ကျောက်စိမ်းတူးဖော်နေကြတာဖြစ်ပါတယ်။

အဲ့ဒီဒေသမှာ ကေအိုင်အေ တပ်မဟာ ၈ လက်အောက်က တပ်ရင်းတွေရှိနေပြီး ပြီးခဲ့တဲ့ရက်ပိုင်းက စစ်တပ်က ရာနဲ့ချီ အင်းအားဖြည့် ချီတက်လာကာ ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်၂မှာ တပ်စွဲထားတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #မိုးညှင်း #နမ်မချီမှော် #တိုက်ပွဲဖြစ်

Related posts

Leave a Comment

VOM News

FREE
VIEW