စစ်ကိုင်းက စားသောက်ဆိုင်မှာ ရဲနဲ့ အရပ်သား ရန်ဖြစ်ရာက ရဲကသေနတ်နဲ့ ပစ်လို့ အရပ်သား ၁ ယောက်ဒဏ်ရာရ

ဧပြီ ၁၆ ၊ ၂၀၂၁

KTG (VOM)

 

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ ပန်ဘဲတန်းရပ်ကွက် ၊ တာရိုးကြီးလမ်းမှာရှိ စားသောက်ဆိုင် တဆိုင်ထဲမှာ ဧပြီ ၁၅ ရက် မနေ့ ညနေပိုင်းက ရဲနဲ့ အရပ်သား ခိုက်ရန်ဖြစ်တာမှာ ရဲက သေနတ်နဲ့ပစ်ခတ်လို့ အရပ်သား တစ်ယောက် ကျည်ဆံဖောက်ဝင် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

 

အဲ့ဒီ ခိုက်ရန်ဖြစ်ပွားတဲ့နေရာကို ရောက်ရှိနေတဲ့ ဒေသခံ တစ်ယောက် ပြောတာက ” ရဲ ၂ ယောက်ထိုင်နေတဲ့ စားပွဲဝိုင်းဘေးကဝိုင်းမှာသောက်စားနေတဲ့ လူ ၃ ယောက်က ရဲ ၂ ယောက်ဝိုင်းကိုသွားပြီး မင့်တို့က စစ်သားလား..  ရဲလား လို့မေးပြီး လက်သီးနဲ့ထိုးတယ် ၊ နောက်ပြီး လူ ၃ ယောက်က ရဲ ၂ ယောက်ကို ဘီယာပုလင်းတွေနဲ့ ဝိုင်းရိုက်တဲ့အခါ ရဲတစ်ယောက်က ခြောက်လုံးပြူးသေနတ်နဲ့ ထုတ်ပစ်လိုက်တာ လူ တစ်ယောက် ထုတ်ချင်းပေါက် ဒဏ်ရာရပြီးလဲကျသွားတယ် ” လို့ သူတွေ့ရတာကို ပြန်ပြောပြပါတယ်။

 

သေနတ်နဲ့ ပစ်ခတ်တဲ့အတွက် ကျည်ဆံထိမှန် ဒဏ်ရာတဲ့သူဟာ ကိုရွှေကျား (ခ) ကိုကျော်မျိုးထွန်း အသက် ၃၀ နှစ်ဆိုသူဖြစ်ပြီး  ဝဲဘက်ညှပ်ရိုး ကျည်ဆံဖောက်ဝင်ကာ နောက်မှ ကျည်ဆံဖောက်ထွက် ဒဏ်ရာရခဲ့လို့ အိုးဘိုရပ်ကွက် လူမှုကူညီရေး အသင်းကားနဲ့ ပြင်ဦးလွင် စစ်ဆေးရုံကို ပို့ဆောင် ဆေးကုနေတယ်လို့ သိရပါတယ်။

 

သေနတ် ပစ်ခတ်မှုနဲ့ ပတ်သက်လို့ သတင်းအတည်ပြုချက် ရရှိဖို့ စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့ရုံးကို VOM က ဆက်သွယ်မေးမြန်းတဲ့အခါ ရဲဝန်ထမ်းတစ်ယောက် ပြောတာက ” သေနတ်ပစ်ဖောက်တဲ့ တပ်ဖွဲ့ဝင် ၂ ယောက်ကို ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေအရ အရေးယူဖို့ ချုပ်နှောင်ထားတယ် ” လို့ ပြောပါတယ်။

 

အဲ့ဒီ ပစ်ခတ်မှုဖြစ်စဥ်မှာ ပါဝင်ခဲ့တဲ့ ရဲ ၂ ယောက်ဟာ ဒုရဲအုပ် ၁ ဦးနဲ့ ရဲတပ်သား ၁ ဦးတို့ဖြစ်ပါတယ်။

 

 

#voiceofmyanmar #VOM #စစ်ကိုင်းကရဲနဲ့အရပ်သားရန်ဖြစ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW