မြစ်ကြီးနားတက္ကသိုလ် ကျောင်းသားသမဂ္ဂသပိတ်ခေါင်းဆောင် ဖမ်းဆီးခံရ

ဧပြီ ၂၁-၂၀၂၁
YAY(VOM)

မြစ်ကြီးနားတက္ကသိုလ်ကျောင်းသားသမဂ္ဂသပိတ်ခေါင်းဆောင် ကိုမျိုးထက်နိုင်လင်းကို ဒီကနေ့မနက်ပိုင်းမှာ စစ်သားနဲ့ ရဲတွေက အိမ်အထိလာရောက်ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

ကိုမျိုးထက်နိုင်လင်းဟာ အရင်ရက်တွေက ရှောင်တိမ်း‌နေခဲ့ပြီး မနေ့က အိမ်ပြန်အိပ်တဲ့နေ့မှာပဲ သူနေထိုင်တဲ့ ရှမ်းစုတောင်ရပ်ကွက် ကွန်ပျူတာတက္ကသိုလ်ဝန်ထမ်းအိမ်ယာမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

ကျောင်းသားသမဂ္ဂတွေထဲက အဖမ်းခံရသူတွေ၊ ရှောင်တိမ်းနေသူတွေနဲ့ ပတ်သက်ပြီး ” မြစ်ကြီးနားအခြေစိုက်ကနေပြီး ကိုမျိုးထက်နိုင်လင်းက ပထမဆုံး အဖမ်းခံရသူဖြစ်တယ်။ ပြန်ကြားရေးတာဝန်ခံကိုလည်း လိုက်ဖမ်းနေတယ် ကျနော်တို့လည်း အိမ်မှာ မအိပ်ရတာကြာပြီ ၊ အဖမ်းခံရသူက စစ်ကြောရေးကိုရောက်နေပြီလို့ ကြားတယ် ကျန်တဲ့ဟာတွေတော့ ကျွန်တော်တို့မရသေးဘူး ရှေ့နေတွေနဲ့တော့ ချိတ်ဆက်ဆောင်ရွက်နေပါတယ် ” လို့ မြစ်ကြီးနားက ဆန္ဒဖော်ထုတ်ရာမှာ ပါဝင်သူ လူငယ်တစ်ဦးက ပြောပါတယ်။

သူကတော့ သမိုင်းအထူးပြု ဒုတိယနှစ် ဂုဏ်ထူးတန်း ကျောင်းသားဖြစ်ပြီး အာဏာသိမ်းမှုကန့်ကွက်တဲ့ မြစ်ကြီးနားမြို့က ဆန္ဒဖော်ထုတ်မှုတွေမှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ကိုမျိုးထက်နိုင်လင်း အဖမ်းခံရပြီးနောက်ပိုင်း မနက် ၈ နာရီဝန်းကျင်မှာ ကျောင်းသားသမဂ္ဂပြန်ကြားရေးတာဝန်ခံ ကိုဝဏ္ဏမောင်မောင်ရဲ့နေအိမ်ကို စစ်သားနဲ့ ရဲတွေ လာရောက်ရှာဖွေခဲ့ပေမယ့် အဖမ်းမခံခဲ့ရဘူးလို့ သိရပါတယ်။

” ကိုဝဏ္ဏမောင်မောင်ရဲ့အိမ်ကိုရှာတယ် မတွေ့တော့ သူ့အမေကိုဖမ်းပြီး လာလဲပေါ့၊ အဏ္ဏဝါ လာလို့ရှိလျှင် သူ့အမေကို ပြန်လွှတ်ပေးမယ်ဆိုတာမျိုးတွေ လုပ်နေတာရှိတယ်၊ ပြီးတော့ ကိုအဏ္ဏဝါကို မတွေ့တဲ့အတွက် သူ့ရဲ့အစ်ကိုတွေကို လိုက်ရှာနေတာတွေရှိတယ်ဗျ ” ဆိုပြီး မြစ်ကြီးနားသပိတ်မှာပါဝင်သူ လူငယ်တစ်ဦးက ပြောပါတယ်။

မြစ်ကြီးနားမြို့မှာ အာဏာသိမ်းမှုကန့်ကွက်ဆန္ဒဖော်ထုတ်နေတဲ့ ပင်မသပိတ် ၊ အထွေထွေသပိတ်တွေမှာ ကျောင်းသားသမဂ္ဂက လူငယ်တွေ အားတက်သရော ပါဝင်နေလို့ လိုက်လံဖမ်းဆီးတာတွေရှိပေမယ့် အရှိန်ပျက်သွားမှာ မဟုတ်ဘူးလို့ သပိတ်ပါဝင်သူတွေကပြောပါတယ်။

ကိုမျိုးထက်နိုင်လင်းကို ဖမ်းဆီးပြီး ကိုအဏ္ဏဝါမောင်မောင်ကို လိုက်လံဖမ်းဆီးခံရတဲ့ ဒီကနေ့မှာပဲ ပင်မသပိတ်စစ်ကြောင်းဟာ အာဏာသိမ်းမှုကန့်ကွက် ဆန္ဒဖော်ထုတ်တာတွေကို ဆက်လက်ပြုလုပ်နေဆဲဖြစ်ပါတယ်။

Photo – Myitkyina GEN-Z
#voiceofmyanmar #VOM #မြစ်ကြီးနား

Related posts

Leave a Comment

VOM News

FREE
VIEW