မြန်မာနဲ့ တရုတ် အဓိက ကုန်သွယ်ရာဝမ်တိန်ကို Lockdown ဖြေလျှော့

ဇူလိုင် ၂၉- ၂၀၂၁
Shy V

မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံရဲ့ အဓိက ကုန်သွယ်ရာနယ်စပ်မြို့ငယ်ဖြစ်တဲ့ ဝမ်တိန်ကို ဇူလိုင်လ ၂၉ ရက်နေ့ တရုတ်နာရီ နေ့လယ် ၁၂ နာရီကစ Lockdown ဖြေလျှော့လိုက်ပြီး Stay at Home အဖြစ် သတ်မှတ်ဖြေလျှော့လိုက်တယ်လို့ ရွှေလီ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကွယ်တားဆီးရေးဌာနနဲ့ ဝမ်တိန် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကွယ်တားဆီးရေးဌာနတို့ သဘောတူညီချက်နဲ့ အသိပေးကြေညာလိုက်ပါတယ်။

ဝမ်တိန် ရန်ကွမ်းရွှေ့အန်း ဧရိယာနဲ့ ၇.၀၈ မှာ ကွာရန်တင်းဝင်နေတဲ့ လူတွေ အနေနဲ့ Stay at Home အဖြစ် ဆက်လက် နေထိုင်ရမှာ ဖြစ်ကြောင်း ပါရှိပါတယ်။

ဝမ်တိန်‌ ဒေသမှ မည်သည့်နေရာကိုမဆို Stay at Home ကာလအတွင်း ထွက်ခွာခွင့်မပြုကြောင်း၊ အရေးကြီးကိစ္စကြောင့် ထွက်ခွာလိုပါက ၄၈ နာရီအတွင်း COVID-19 ပိုး စစ်ထားတဲ့ ဆေးလက်မှတ်နဲ့ မှတ်ပုံတင်၊ လိုအပ်တဲ့ စာရွက်စာတမ်း မိတ္တူ၊ ကိုယ်သွားမယ့်နေရာ၊ အကြောင်းပြချက် စသဖြင့် ရပ်ကွက်၊ ကျေးရွာတွေအပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ ကြိုတင် တင်ပြရမှာဖြစ်ပြီး COVID-19 ကပ်ရောဂါ ကာကွယ် ထိန်းချုပ်ရေးဗဟိုဌာနက၊ ရွှေလီက စိစစ်အတည်ပြုချက်ရမှ ထွက်ခွာခွင့်ပြုမယ်လို့ ပါရှိပါတယ်။

ဝမ်တိန်ကို ဝင်ရောက်မယ့် မည်သူမဆိုလည်းသူတွေလည်း အထောက်အထားသက်‌သေတွေ ပြရမှာဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်တွေက လုပ်ငန်းလိုင်စင်၊ ဒေသခံတွေက အိမ်ပိုင်အထောက် အထား၊ အိမ်ထောင်စု စာရင်း၊ အိမ်ငှား‌တွေက အငှားစာချုပ် စတဲ့ အထောက် အထား တစ်ခုခုနဲ့ ၇၂ နာရီအတွင်း COVID-19 ရှိ၊ မရှိ စစ်ထားတဲ့ လက်မှတ်၊ သွားရောက်ရတဲ့ အကြောင်းအရင်းတွေကို သက်ဆိုင်ရာဌာနသို့ ကြိုတင်အကြောင်းကြားရမယ်လို့ ဖော်ပြထားပါတယ်။

ဝမ်တိန်ဒေသအတွင်း ကုန်မျိုးစုံ ထုတ်/ သွင်း ပြုလုပ်ပါက ဟိုင်းဝေးလမ်းမကြီး ဖြစ်တဲ့ ဟယ့်ရှန်း ဂိတ်ကသာ လဲလှယ် မောင်းနှင် စနစ်နဲ့ ဝင်/ထွက်ရန်၊ COVID-19 ကာကွယ်ရေး ဆေးဝါး ဆက်စပ် ပစ္စည်းတွေကို သတ်မှတ် စည်းကမ်း‌တွေနဲ့အညီ သွား/လာဖို့ ပါရှိပါတယ်။

ဝမ်တိန် ပြင်ပမှ ရောက်ရှိလာသူအားလုံးနဲ့ လက်ရှိ ဝမ်တိန်မှာ နေထိုင်သူတွေပါ သက်ဆိုင်ရာဒေသရှိ လ.ဝ.က ရုံးသို့ ဧည့်စာရင်းတိုင်ရမှာဖြစ်ပြီး ဧည့်စာရင်းတိုင်ထားခြင်းမရှိတဲ့သူဆီမှာ ပိုးတွေ့ရှိပြီး ပိုး ပြန်လည် ကူးစက်စေပါက ဥပဒေနဲ့အညီ အရေးယူသွားမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဆေးခန်းငယ်နဲ့ ဆေးဆိုင်တွေမှာ အဖျားကျဆေး၊ အပူကျဆေး၊ ချောင်းဆိုးပျောက်ဆေးနဲ့ ပတ်သက်တဲ့ ပိုးသတ်ဆေးအမျိုးမျိုး စတဲ့ဆေးတွေကို လုံးဝ ရောင်းချခွင့်မပြုကြောင်း၊ ချောင်း‌ခြောက်ဆိုးခြင်း၊ အဖျားတက်ခြင်း၊ အနံ့၊ အရသာ ပျောက်ခြင်း၊ ဝမ်းလျှောခြင်း စသဖြင့် COVID-19 ရောဂါလက္ခဏာ ဖြစ်ပေါ်ပါက ဆေးရုံကိုသတင်းပို့ပြီး အချိန်မှီ ပိုး စစ်ရမယ်လို့ သိရပါတယ်။

ဇူလိုင်လ ၈ ရက်ညကစ ဝမ်တိန်ကို လော့ခ်ဒေါင်းချခဲ့တာဖြစ်ပြီး ကျင်းစန်းကျော့ – ဝမ်တိန်၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ဂိတ်ကိုတော့ ဇူလိုင်လ ၈ ရက်နေ့ နေ့ခင်းက COVID-19 ရောဂါ ကူးစက်မှု အခြေအနေကြောင့် တရုတ်ကဘက်က ရက်အကန့်အသတ် မရှိပိတ်ထားခဲ့တာဖြစ်ပါတယ်။

ကျင်စန်းကျော့ နယ်စပ်ဂိတ်ကို ပိတ်ထားခဲ့ပေမယ့် ဇူလိုင်လ ၂၃ ရက်ကစ ဝမ်တိန်ဘက် ကုန်တင်ပြီးပိတ်မိနေတဲ့ ဂျူတီဆောင် မြန်မာကုန်တင်ကားတွေကို တစ်ပတ် သုံးကြိမ် ထွက်ခွင့်ပြုပေးနေတာ ဖြစ်ပြီး အစီး ၈၀ ကျော် ထုတ်ပေးပြီးခဲ့တာလည်း ဖြစ်ပါတယ်။

ဇူလိုင်လ ၂၈ရက် ည ၂၄ နာရီမှ ဇူလိုင်လ၂၉ ရက်နေ့ည ၂၄ နာရီထိ ဝမ်တိန် အပါအဝင် ယူနန်ပြည်နယ်မှာ ထပ်တိုးလူနာမရှိ၊ ယူနန်ပြည်နယ်မှာ လက်ရှိ ကုသမှုခံယူနေတဲ့ ပိုးတွေ့ လူနာ ၃၆၆ ဦး၊ ပြည်တွင်း ကူးစက်မှု ၆၃ ဦး၊ ပြည်ပ ကူးစက်မှု ၃၀၃ ဦး ရှိကာ သေဆုံးသူ မရှိကြောင်း သိရပါတယ်။

Photo Crd – Fb
#voiceofmyanmar #VOM #မြန်မာတရုတ်နယ်စပ် #ဝမ်တိန် #လော့ခ်ဒေါင်းဖြေလျော့

Related posts

Leave a Comment

VOM News

FREE
VIEW