ခန္တီးမြို့မရဲစခန်းမှာ ကိုဗစ်ပိုးတွေ့ အချုပ်သား ၁ ဦး ပထမဆုံးအကြိမ်သေဆုံး

ဇူလိုင် ၃၁ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ ၊ ခန္တီးမြို့မရဲစခန်း အချုပ်ခန်းမှာ တရားရုံးရဲ့ အမှုကြားနာစစ်ဆေးနေဆဲ အချုပ်သားတွေထဲက ၁ ယောက်ဟာ ကိုဗစ်ရောဂါကြောင့် ဒီကနေ့ (ဇူလိုင် ၃၁)နေ့လယ်ပိုင်းက သေဆုံးသွားတယ်လို့ နာမှုကူညီရေးအဖွဲ့တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” ဒီလ ၂၇ ရက်နေ့က ရဲစခန်းက တပ်ဖွဲ့ဝင်တွေကို ဓာတ်ခွဲစစ်ဆေးတဲ့အခါ ရဲတပ်ဖွဲ့ဝင် ၁၈ ယောက်နဲ့ အမှုရင်ဆိုင် ကြားနာစစ်ဆေးဆဲ အချုပ်သား ၁၀၁ ယောက်ဟာ ကိုဗစ်ရောဂါပိုး ဓာတ်ခွဲအတည်ပြု တွေ့ရှိခဲ့တာဖြစ်တယ် ၊ အဲ့ဒီ ပိုးတွေ့အတည်ပြု အချုပ်သား ၁ ရာကျော်ထဲက ၁ ယောက်ဟာ ဒီကနေ့ စသေတာ ” လို့ နာမှုကူညီရေး စေတနာ့ဝန်ထမ်းတစ်ဦးက ပြောပါတယ် ။
 
ခန္တီးမြို့မရဲစခန်းဟာ ခန္တီးခရိုင်တရားရုံးမှာ အမှုကို အချုပ်နဲ့ ထုချေ ရင်ဆိုင်နေရတဲ့ ရာနဲ့ချီပြီးရှိတဲ့ အချုပ်သားတွေကို ချုပ်ရက်လရှည် ချုပ်ထားရတဲ့ အချုပ်တခုလည်း ဖြစ်ပါတယ် ။
 
” ခန္တီးမှာက အကျဥ်းထောင်ရှိတယ် ၊ ထောင်က မြို့နဲ့ ၃ မိုင်လောက်ဝေးတယ် ၊ အမှုကြားနာတဲ့အခါ ရုံးထုတ်ကိစ္စတွေကြောင့် ရဲစခန်းအချုပ်ခန်းမှာ ချုပ်ထားရတဲ့ အချုပ်သား တရားခံတွေများနေရတာပါ ” လို့ ခန္တီးမြို့နယ် ရဲတပ်ဖွဲ့ဝင်တစ်ယောက်က VOM ကိုပြောပါတယ် ။
 
ဒါ့အပြင် အလားတူ အချုပ်သား ကိုဗစ်လူနာ ၁ ယောက် လွန်ခဲ့တဲ့ရက်ပိုင်းက မုံရွာနယ်မြေရဲစခန်းမှာ သေဆုံးခဲ့တဲ့ ဖြစ်စဥ် ပေါ်ပေါက်ခဲ့ပါသေးတယ်လို့ သိရပါတယ်။
 
” ပိုးတွေ့ အတည်ပြု အချုပ်သားလူနာတွေကို အထူးကြပ်မတ်စောင့်ရှောက်ပြီး ဆေးကုသနိုင်တဲ့ အခွင့်အလမ်းကို ဥပဒေဘောင်းတွင်းက အပြည့်အဝ ရရှိအောင် ကူညီဆောင်ရွက်ပေးထားတယ် ၊ ပိုးမတွေ့ရတဲ့ အချုပ်သားတွေကိုလည်း ကိုဗစ်ကာကွယ်ဆေး ထိုးနှံဖို့ ပြင်ဆင်နေပြီဖြစ်တယ် “လို့ ခန္တီးမြို့မရဲစခန်း တာဝန်ကျ ရဲအရာရှိတစ်ယောက်က ပြောပါတယ် ။
 
ဒီကနေ့သေဆုံးတဲ့အချုပ်သားဟာ ဟုမ္မလင်းမြို့နယ်ဘက်က မူးယစ်ဆေးဝါး အမှုနဲ့ အမှုရင်ဆိုင်ကြားနာနေဆဲ အချုပ်သားဖြစ်တယ်လို့ သိရပါတယ်။
 
ပုံစာ – ကိုဗစ်ပိုးတွေ့ ပြီး သေဆုံးတဲ့ အချုပ်သားကို သဂြိုဟ်ပေးနေစဥ်
ဓာတ်ပုံ -နာမှုကူညီရေး စေတနာ့ဝန်ထမ်း တစ်ဦး
#voiceofmyanamr #VOM #ခန္တီး

Related posts

Leave a Comment

VOM News

FREE
VIEW