လစာထုတ်ပြန်လာတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး လမ်းမှာ ဓားခုတ်ခံရလို့ သေဆုံး

သြဂုတ် ၊ ၄ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ ဗြဲတရော်ကျေးရွာ ၊ ကန်တလူဘုရားအနီး သံလမ်းကူးနေရာမှာ မနေ့ သြဂုတ် ၃ ရက် ညနေပိုင်းက
ဆင်တပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဓားခုတ်ခံရတဲ့အတွက် သေဆုံးသွားတယ်လို့ စစ်ကိုင်းမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
အဲ့ဒီ လူသတ်မှုဖြစ်စဥ်နဲ့ ပတ်သက်လို့ သေဆုံးသူရဲ့လုပ်ဖော်ကိုင်ဖက် မိတ်ဆွေတစ်ယောက်က ” အုပ်ကြီး ဦးအောင်သောင်းက ကိုမောင်ညွှန့် မောင်းတဲ့ ဆိုင်ကယ်နောက်က ထိုင်လိုက်ပြီး စစ်ကိုင်း ထွေအုပ်ရုံးကနေ လစာထုတ်ပြီးရွာကို ပြန်လာတယ် ၊ သူတို့ ဆိုင်ကယ်နောက်ကနေ ဆိုင်ကယ် ၁ စီး လူ ၂ ယောက် လိုက်လာတယ် ၊ အုပ်ကြီးတို့ ဆိုင်ကယ်ဘေးကပ်လာပြီး မင့်လားကွ ဒလန် လို့ပြောပြော ဆိုဆို ဓားနဲ့ အုပ်ကြီးကို လှမ်းထိုးတယ် ၊ နောက်ပြီး အုပ်ကြီးတို့ ဆိုင်ကယ်ကို လှမ်းကန်ခံရလို့ ဆိုင်ကယ်လဲသွားတဲ့အချိန်မှာ ဆိုင်ကယ်မောင်းသူ ကိုမောင်ညွှန့် ကထွက်ပြေး လွတ်မြောက်သွားတဲ့အချိန် နောက်ထပ် ဆိုင်ကယ် ၂ စီး လူ ၄ ယောက် ထပ်ရောက်လာပြီး လဲနေတဲ အုပ်ကြီးကို ဓားနဲ့ ဝိုင်းခုတ်တာ ” လို့ ပြောပါတယ် ။
 
အဲ့ဒီလို ဓားခုတ်ခံရတဲ့အတွက် နေရာမှာတင်
သေဆုံးရသူဟာ ဆင်တပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်သောင်း အသက် ၇၁ နှစ်ဖြစ်တယ်လို့ သိရပါတယ် ။
 
ပြီးခဲ့ ဇူလိုင်လထဲက စစ်ကိုင်းခရိုင်အတွင်းမှာ ကျေးရွာအုပ်ချုပ်ရေးမှူး တချို့ လုပ်ကြံသတ်ဖြတ်ခံရတဲ့ ဖြစ်စဥ်တွေရှိခဲ့တယ်လို့ သိရပါတယ် ။
 
” စစ်ကိုင်းခရိုင်ထဲက ဆားတောင်မြို့နယ်ခွဲ အပါအဝင် မြို့နယ် ၄ ခုမှာ မြောင်မြို့နယ်က လူသတ်မှု ဖြစ်ပွားတာများတယ် ၊ ၂ လောင်းပြိုင်နဲ့ ၃ လောင်းပြိုင် သတ်ခံရတာဖြစ်တယ် ၊ ဆွဲလဲအို အုပ်မှူးလဲ ၂ လောင်းပြိုင် သတ်ခံရတယ် ” လို့ စစ်ကိုင်းမြို့ခံ တစ်ယောက်က ပြောပါတယ်။
 
​စစ်ကိုင်းခရိုင်ထဲက မြောင်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လက ၂ လောင်းပြိုင် လူသတ်မှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ပြည်ခိုင်ဖြိုး အမတ်ဟောင်း တစ်ယောက်နဲ့ ဆွဲလဲအိုရွာ အုပ်ချုပ်ရေးမှူးအပါအဝင် သေဆုံးသူ ၆ ယောက်ရှိခဲ့တယ်လို့ သိရပါတယ်။
 
#voiceofmyanamar #vom #စစ်ကိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW