တရုတ်နယ်စပ်မှာ ကွာရန်တင်းဝင်နေတဲ့ မြန်မာနိုင်ငံသားတွေကို ဩဂုတ် ၁ရက်စပြီး ထမင်းလာမပို့တာကြောင့် ဒုက္ခရောက်နေ

ဩဂုတ် ၄၊ ၂၀၂၁
Shy V(VOM)
 
တရုတ်နိုင်ငံနဲ့ မြန်မာနယ်စပ် တရုတ်ဘက်ခြမ်း ဖြစ်တဲ့ ရွှေလီက ကွာရန်တင်းစင်တာတစ်ခုမှာ ကွာရန်တင်း ဝင်နေတဲ့ မြန်မာနိုင်ငံသားတွေကို ဩဂုတ်လ ၁ ရက်နေ့ကစ ထမင်းလာမပို့တော့တာကြောင့် ဒုက္ခရောက်နေကြောင်း လူမှုကွန်ယက်ကတဆင့် အကူအညီတောင်းထားပါတယ်။
 
“စားသောက်စရိတ် မပေးနိုင်လို့ တစ်နေ့ကို ခေါက်ဆွဲ ၂ ဗူးနဲ့ ရေသန့် ၃ ဗူး ပေးပေမယ့် ပုံမှန် လာမပို့ပေးတဲ့အပြင် အကုန်လုံး မရကြဘူး။ ရေဘူးတွေလည်း မရတဲ့သူတွေက အိမ်သာ ရေချိုးခန်းက ရေကို သောက်နေရတယ်။ ကလေးငယ်တွေ နဲ့ ကိုယ်ဝန်ဆောင်တွေပါ တစ်ခန်းနဲ့ တစ်ခန်း ကူညီလို့လည်းမရဘူး၊ အမျိုးသမီးရော အမျိုးသားပါ အဲ့ဒီ ကွာရန်တင်းစင်တာမှာ မြန်မာနိုင်ငံသား အယောက် ၁၅၀ ခန့် ဒုက္ခရောက်နေကြရတယ်”လို့ Q ဝင်နေသူ တစ်ဦးက ပြောပါတယ်။
 
ရွှေလီမြို့ပြင် မံစီ လမ်းဆုံ/ မံစီလမ်းခွဲက Q Center မှာ ကင်းစောင့်တဲ့လုံခြုံရေးတွေနဲ့ တကယ့်ထောင်သားတွေလို ထောင်ထဲကအတိုင်း စင်တာထဲကလူတွေကို သံသော့တွေနဲ့ အပြင်ကနေခတ်ထားပြီး ထမင်းစရိတ် ပေးသွင်းပြီးသား သူတွေကိုရော မပေးတဲ့သူတွေကိုပါ ဩဂုတ်လ ၁ ရက်ကစ ထမင်းလာမပို့တော့တာဖြစ်တယ်လို့ သိရပါတယ်။
 
အဲ့ဒါကြောင့် Qဝင်နေသူတွေဟာ ထမင်းမစားရလို့ ဆန္ဒပြနေကြရပြီး မြန်မာနိုင်ငံကိုလည်း ပြန်မပို့တာကြောင့် အကူအညီရဖို့ မျှော်လင့်တဲ့အတွက် လူမှုကွန်ယက်ကနေ အကူအညီတောင်းနေကြတာလည်း ဖြစ်ပါတယ်။
“ပိုးမတွေ့တဲ့အပြင် တစ်အိမ်ထဲမှာ တရုတ်လူမျိုးနဲ့ မြန်မာလူမျိုးတွေ အတူတူနေပေမယ့် မြန်မာလူမျိုးတွေကိုသာ ခွဲခြားခေါ်ဆောင်ပြီး Quarantine ဝင်ခိုင်းတယ်။ ရဲတွေနဲ့ လုပ်ငန်းရှင် သူဌေးတွေက ထမင်းဖိုး ပိုက်ဆံပေးစရာမလိုဘူး။ လိုက်သွားကြလို့ ပြောထားပေမယ့် တကယ်တန်း Quarantine Center ရောက်တော့ ပိုက်ဆံတောင်းလို့ ဒုက္ခရောက် နေတယ်”လို့ Qဝင်နေသူတစ်ဦးကပြောပါတယ်။
 
တရုတ်နိုင်ငံက မြန်မာနိုင်ငံသားတွေကို ထမင်းမကျွေးနိုင်ရင် ပြန်လွှတ်ပေးဖို့၊ Q မဝင်ခိုင်းဖို့၊ မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားတွေက အလုပ်မရှိတာလို့ ငွေအဆင်မပြေကြောင်း၊ Q Center ခေါ်ပြီး ပိုက်ဆံမတောင်းဖို့ တရုတ်နိုင်ငံက အကြီးအကဲများကို လူမှုကွန်ယက်မှ တဆင့် မေတ္တာရပ်ခံ တောင်းဆိုထားတာလည်း ရှိပါတယ်။
 
တရုတ်အစိုးရအနေနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လက နေထိုင်ခွင့်အထောက်အထား မရှိသူ၊ ပုံမှန်ဝင်ငွေ မရှိတဲ့ နိုင်ငံခြားသားတွေကို ပြည်နှင်ဒဏ်ချမှတ်သွားမှာဖြစ်ကြောင်း အသိပေးကြေညာချက် ထုတ်ပြန်ထားတာဖြစ်ပါတယ်။
 
ယခုအခါ အထောက်အထားရှိတဲ့ တရုတ်နယ်စပ်ရောက် တနိုင်တပိုင် မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေကိုပါ မြန်မာနိုင်ငံပြန်ဖို့ ဖိအားပေးခံနေရတာကြောင့် အခက်အခဲတွေရင်ဆိုင်နေကြရတာလည်း ဖြစ်ပါတယ်။
 
Photo – Q ဝင်သူ မြန်မာနိုင်ငံသားများ
#voiceofmyanamr #VOM #တရုတ်နယ်စပ် #မြန်မာနိုင်ငံသား #ကွာရန်တင်းစင်တာ

Related posts

Leave a Comment

VOM News

FREE
VIEW