ကန့်ဘလူမြို့နယ် ဇင်းရဲစခန်းက အဆောက်အဦးအားလုံး မီးလောင်

သြဂုတ် ၊ ၁၀ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဇင်းကျေးရွာ ၊ ရွှေဘို – မြစ်ကြီးနား ဗျူဟာကားလမ်းဘေးမှာရှိတဲ့ ဇင်းနယ်မြေရဲကင်းစခန်းဟာ သြဂုတ် ၁၀ ဒီကနေ့ မနက်အစောပိုင်း ၂ နာရီဝန်းကျင်ခန့်က မီးလောင်ခဲ့တယ်လို့ ဇင်းရွာခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
အဲ့ဒီ မီးလောင်မှုဖြစ်စဥ်နဲ့ ပတ်သက်လို့ ကန့်ဘလူ ခရိုင်ရဲတပ်ဖွဲ့ရုံး တာဝန်ကျ ရဲဝန်ထမ်း တစ်ယောက်က ” ဒီမနက် အစောပိုင်းက လောင်တာ ဟုတ်တယ် ၊ အဲ့ဒီ ရဲကင်းစခန်းမှာက တပ်ဖွဲ့ဝင်ချထားတာ မရှိဘူး ၊ စခန်းရုတ်ထားတာကြာပြီ ၊ စခန်းအဆောက်အဦး ဆုံးရှုံးသွားတယ် ” လို့ ပြောပါတယ်။
 
အဲ့ဒီ မီးလောင်သွားတဲ့ ရဲကင်းစခန်းဟာ ကန့်ဘလူမြို့နယ်နဲ့ ကောလင်းမြို့နယ် အစပ်မှာရှိပြီး သစ်တောသယံဇတ ပစ္စည်းတွေ ရှာဖွေဖမ်းဆီးတာနဲ့ ပတ်သက်ပြီး နာမည်ကြီးတဲ့ ရဲကင်းစခန်း တခုဖြစ်ပါတယ်။
 
” ရဲစခန်းဖြစ်ပြီး ရဲမရှိတာ ၆ လလောက်ကြာနေပြီ ၊ ရှို့မီးပဲဖြစ်မှာပါ ၊ ဒီမနက် မြို့နယ်က လူကြီးတွေလာပြီး စစ်ဆေးနေတယ် ” လို့ ဇင်းရွာခံ တစ်ယောက်က ပြောပါတယ်။
 
စစ်ကိုင်းတိုင်းထဲက ရဲကင်းစခန်းမီးလောင်တဲ့ ဖြစ်စဥ်ဟာ ဒီတခုထဲ မဟုတ်ပဲ ကောလင်းမြို့နယ် ၊ ကသာမြို့နယ်ထဲက ရဲကင်းစခန်းတချို့ မီးလောင် ပျက်စီးခဲ့ရတဲ့ ဖြစ်စဥ်တွေရှိတယ်လို့ သိရပါတယ်။
 
#voiceofmyanmar #vom #ကန့်ဘလူ

Related posts

Leave a Comment

VOM News

FREE
VIEW