မြင်းခြံမှာ မုန့်ဟင်းခါးလာဝယ်တဲ့သူက ဆိုင်ရှင်ကို သေနတ်နဲ့ပစ်လို့ ၈ လအရွယ် ကလေးငယ် သေဆုံး

သြဂုတ် ၊ ၁၂ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
မန္တလေးတိုင်း၊ မြင်းခြံမြို့၊ အမှတ် ၄ ရပ်ကွက်ထဲမှာ ဒီကနေ့မနက် ၇ နာရီဝန်းကျင်က မုန့်ဟင်းခါးလာဝယ်သူက ဆိုင်ရှင်ကို သေနတ်နဲ့ပစ်လို့ ၈လသားအရွယ် ကလေးငယ်တစ်ဦး ကျည်ဆံ ထိမှန်သေဆုံးသွားတယ်လို့ မြင်းခြံမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။
 
” ကိုငြိမ်းချမ်းရဲ့ မုန့်ဟင်းခါးဆိုင်ကို ဆိုင်ကယ် ၁ စီး နဲ့ လူ ၂ ယောက်ရောက်လာပြီး မုန့်ဟင်းခါး ရလားလို့မေးတယ် ၊ ဆိုင်ရှင် ကိုငြိမ်းချမ်းက မုန့်ဟင်းခါးရတယ်လို့ ပြန်ပြောတယ် ၊ အဲ့ဒီ လူ ၂ ယောက်က ရတယ်ဆိုရင် ပစ်ကွာလို့ ပြောပြီး သေနတ်နဲ့ပစ်သွားတာဖြစ်တယ် ” လို့ မုန့်ဟင်းခါးဆိုင်ရှင်ရဲ့ ဆွေမျိုးတော်စပ်သူတစ်ယောက်က VOM ကို ပြောပါတယ် ။
 
” အဲ့ဒီ ပစ်ခတ်ဖြစ်စဥ်မှာ မုန့်ဟင်းခါးဆိုင်ရှင်ရဲ့ ကလေး အသက် ၈ လ (မိန်းကလေးငယ်) ကျည်ဆံထိမှန် ဒဏ်ရာရသေဆုံးတယ် ၊ ကလေးရဲ့အဖေ ကိုငြိမ်းချမ်းကတော့ လက်မောင်း ကျည်ဆံ ဖောက်ဝင်ဒဏ်ရာ ၊ သူ့မိန်းမက ခြေထောက် ထိမှန်ဒဏ်ရာနဲ့လို့ ကနဦးသိရတယ် ” လို့ မြင်းခြံခရိုင်ရဲတပ်ဖွဲ့ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဝန်ထမ်းတစ်​​ယောက်ကပြောပါတယ်။
 
အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်ပြီး သံသယရှိတဲ့ လူ ၂ ယောက်ကို ရဲက ဖမ်းဆီးလိုက်တယ်လို့ သတင်းတွေထွက်ပေါ်လာပေမယ့် VOM က အတည်ပြုနိုင်ဖို့ လုပ်ဆောင်နေဆဲဖြစ်ပါတယ် ။
 
အခု ပစ်ခတ်မှုဖြစ်တဲ့ အမှတ် ၄ ရပ်ကွက်ထဲမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက လက်လုပ်ဗုံးပြုလုပ်စဥ် ပေါက်ကွဲတဲ့အတွက် လူ ၁ သေဆုံးပြီး ၊ လူ ၂ ဦး ဒဏ်ရာရခဲ့ပါသေးတယ် ။
 
ဒါ့အပြင် ချစ်တီးထမင်းဆိုင်ပိုင်ရှင် လင်မယား ၂ ယောက်ဟာ အိမ်တိုင်ရာရောက် ထမင်းထုပ်လိုက်လံပို့ဆောင်ပေးနေစဥ် သေနတ်နဲ့ပစ်ခံရပြီး လင်ရောမယားပါ လမ်းမှာ သေဆုံးရတဲ့ ဖြစ်စဥ်တစ်ခုလည်း မကြာသေမီရက်ပိုင်းက မြင်းခြံမြို့ပေါ်မှာ ဖြစ်ခဲ့ပါတယ်။
 
ပုံစာ ၊ ကျည်ဆံထိမှန်ခံရတဲ့ မုန့်ဟင်းခါး ဆိုင်ရှင်မိသားစု မြင်ကွင်း
Photo-မြင်းခြံ ဒေသခံ တစ်ဦး
#voiceofmyanmar #VOM #မြင်းခြံ

Related posts

Leave a Comment

VOM News

FREE
VIEW