မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်လမ်းတံတားတချို့ ပျက်စီးနေလို့ ကိုယ်ထူကိုယ်ထ ပြုပြင်ပြီးသွားလာနေရ

သြဂုတ် ၊ ၁၂ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း၊ ကလေးမြို့နဲ့ တမူးမြို့ကို ဆက်သွယ်ထားတဲ့ မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး ကားလမ်းပေါ်က တံတားတချို့ဟာ ကြမ်းခင်းတွေ ပျက်စီးပေါက်ပြဲနေပြီး ယာဥ်သွားလာဖို့ ခက်ခဲနေတဲ့အတွက်
ဒေသခံရွာတွေက ကိုယ်ထူကိုယ်ထစနစ်နဲ့ စုပေါင်း ပြင်ဆင်နေရတယ်လို့ အောင်သပြေကျေးရွာက ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။
 
” တံတားကြမ်းခင်းတွေ ပေါက်ပြဲပျက်စီးနေတာကြာပြီ လူနာတင်ယာဥ်နဲ့ ကားငယ်လေးတွေ သွားလာဖို့ အဆင်မပြေဘူး ၊ ပြင်ဆင်ထိန်းသိမ်းပေးမယ့်သူ မရှိလို့ ရွာက ငွေအား လူအား စုပေါင်းပြီး သွားလာရေး အဆင်ပြေဖို့ အခုလို ပြင်ဆင်နေရတာဖြစ်တယ် ” လို့ အဲ့ဒီဒေသခံ ရွာသားတစ်ယောက်ကပြောပါတယ်။
 
ကိုဗစ်ကာလမှာ အရေးပေါ်လူနာတွေ နဲ့ လူနာတင်ယာဥ်တွေ လွယ်လင့်တကူ သွားလာနိုင်ဖို့အတွက် အောင်သပြေရွာမှာ သီတင်းသုံးနေတဲ့ ရဟန်းသံဃာတွေနဲ့ ရွာသူရွာသားတွေက ငွေအား လူအား စိုက်ထုတ်ပြီး စခန်းကြီးရွာ ၊ နန်းဟံနွှဲ့ရွာ နဲ့ အောင်သပြေရွာကြားက အခင်းပျက်စီးနေတဲ့ တံတား ၃ စင်းကို ကိုယ်ထူကိုယ်ထ ပြင်ဆင်ထိန်းသိမ်းနေရတာဖြစ်တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် ကလေးမြို့နယ်ရဲ့ မြောက်ဘက်ပိုင်းဒေသမှာ ချောင်း/မြောင်း ပေါတဲ့အပြင် နေရာဥ္ဇရာမြစ် ရှိနေတဲ့အတွက် အဲ့ဒီဘက်က ကျေးလက်တွေဟာ ကလေး-တမူး ကားလမ်းကို အမှီပြုပြီး သွားလာနေရတာဖြစ်ပါတယ်။
 
အဲ့ဒီ တံတား ၃ စင်းကို ကိုယ်ထူကိုယ်စနစ်နဲ့ ပြင်ဆင်နေတဲ့ကားလမ်းဟာ မြန်မာ-အိန္ဒိယ ၂ နိုင်ငံ နယ်စပ်ကုန်သွယ်ရေး အာရှလမ်းမကြီးဖြစ်တဲ့အပြင် မြန်မာနိုင်ငံရဲ့ အနောက်မြောက် စီးပွားရေးကုန်သွယ်မှုအတွက်လည်း အဓိက အရေးပါအရာရောက်တဲ့ လမ်းမကြီး တခုဖြစ်ပါတယ်။
 
မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး ကလေး-တမူး ကားလမ်းမကြီးကို ၁၉၀၃ ခုနှစ် ကိုလိုနီအစိုးရက စတင်ဖောက်လုပ်ခဲ့ပြီး ၁၉၉၇ မှာ အိန္ဒိယ-မြန်မာ ချစ်ကြည်ရေးလုပ်ငန်းစဥ်အရ အိန္ဒိယက အကုန်အကျခံကာ အဆင့်မြင့်တင် တည်ဆောက်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 
Photo-အောင်သပြေ ရွာခံ တစ်ဦး
#voiceofmyanmar #VOM #မြန်မာအိန္ဒိယနယ်စပ်

Related posts

Leave a Comment

VOM News

FREE
VIEW