စစ်ကိုင်းတိုင်းအတွင်းမှာ အမှုဖွင့်ထားတာတွေ ရုတ်သိမ်းပေးဖို့ လျှောက်ထားသူ ၃ ရာကျော်ရှိ

သြဂုတ် ၊ ၁၄ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်းထဲက ၃၇ မြို့နယ်မှာရှိတဲ့ ရဲစခန်းတွေမှာ ဒီနှစ် ဖေဖော်ဝါရီ ကစလို့ ဖွင့်ခံထားရတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး အမှုနဲ့ သက်ဆိုင်နေသူတွေက သူတို့ရဲ့အမှုတွေကို ကြေအေးရုတ်သိမ်းပေဖို့ ဒါမှမဟုတ် အမှုကနေ သက်သာခွင့်ပေးဖို့ တရားစွဲ အဖွဲ့အစည်းတွေထံ တင်ပြဆက်သွယ်လာခဲ့တာဆိုရင် သြဂုတ် ၁၃ ရက် မနေ့က အထိ တင်ပြဆက်သွယ်လာသူ ၃ ရာကျော် ရှိတယ်လို့ တရားစွဲ အဖွဲ့အစည်း အမှုစစ် အရာရှိတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။
 
.” အလတ်တလောဖြစ်ပေါ်နေတဲ့ နိုင်ငံရေး ဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ထိတွေ့ခဲ့ရသူတွေ ဟာ ဘာကြောင့် ပါဝင်ထိတွေ့ခဲ့ရတယ် ၊ သူတို့ ဘာကြောင့် ပါဝင်လုပ်ဆောင်ခဲ့ရတယ်ဆိုတဲ့ ရည်ရွယ်ချက် သဘောထားတွေကို ဖော်ပြရေးသားထားပြီး သူတို့အပေါ် စွပ်စွဲရေးဖွင့်ထားတဲ့ အမှုတွေကို ကြေအေးရုတ်သိမ်းပေးဖို့ ၊ သက်သာခွင့်ရဖို့ ဆက်သွယ် တင်ပြလာတာ ဖြစ်တယ် ” လို့ တရားစွဲ အဖွဲ့တခုရဲ့ အကြီးတန်း အရာရှိတစ်ဦးက VOM ကိုပြောပါတယ်။
 
” ဆက်သွယ်တင်ပြလာတဲ့သူတွေက ကာယကံရှင် ကိုယ်တိုင်လည်းရှိတယ် ၊ ကာယကံရှင်ရဲ့ ကိုယ်စား သူတို့ မိဘအုပ်ထိန်းသူတွေရှိတယ် ၊ တချို့ဆိုရင် ယောကျ်ားကပြေးနေလို့ မိန်းမဖြစ်တဲ့သူက ဆက်သွယ်တင်ပြလာတယ် ၊ တချို့ကြတော့လည်း မိန်းမက ပြေးနေလို့ ယောကျ်ားဖြစ်တဲ့သူက ဆက်သွယ်တင်ပြလာတယ် ၊ ထူးခြားတဲ့ ဆက်သွယ်တင်ပြလာတာဆိုတော့ မိဘ ၂ ပါးစလုံးက ထွက်ပြေးတိမ်းရှောင်နေတာကြောင့် သူတို့သားသမီး ကလေးတွေကိုယ်တိုင် လာပြီ တင်ပြတာရှိတယ် ” လို့ ခရိုင်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ ဝင်တစ်ယောက်က ပြောပါတယ်။
 
အဲ့ဒီလို တင်ပြဆက်သွယ်လာတဲ့ အမှုသည်တွေရဲ့ အမှု အကြောင်း အချင်းအရာကို ပြန်လည်စီစစ်ပြီး အမှုကနေ လွတ်မြောက်ခွင့်ရဖို့ အတွက်ကိုလည်း အမိန့် ညွှန်ကြားချက် ၊ ဥပဒေတွေနဲ့ အညီတရားစွဲ အဖွဲ့တွေအနေနဲ့ စီစစ်ပြီး ဝန်ဆောင်မှုပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
 
မုံရွာအခြေစိုက် တရားလွှတ်တော် ရှေ့နေကြီး တစ်ယောက် ပြောတာက ” အခုလို အမှုကို လွတ်မြောက်ဖို့ သက်သာဖို့ တဖက်သတ် ကုစားခွင့် ကမ်းလှမ်းပေးနေတဲ့ အခွင့်အရေးဟာ ရခဲတဲ့ အခွင့်အရေးဖြစ်တယ် ၊အမိအရ ကုစားဖို့ လိုတယ် ၊ တိမ်းရှောင်နေတဲ့ သက်တမ်းကြာသွားရင် ကျင့် ၅၁၂ နဲ့ တရားခံပြေး ထပ်တိုး ၁ မှုဖြစ်သွားမယ် ၊ အမှုဆိုတာ သံချေးပိုးရွ ထိုးတဲ့ အမျိုးမဟုတ်ဘူး ၊ ၁၉၇၄ တုန်းက တရားခံပြေး အမှုလက်ကျန်တွေ အခုထိရှိနေသေးတယ် ” လို့ ပြောပါတယ်။
 
ဒါ့အပြင် အဲ့ဒီလို အမှုကြေအေးရုတ်သိမ်းပေးဖို့ သက်သာခွင့်ရဖို့ တရားစွဲ အဖွဲ့တွေဆီ ဆက်သွယ် တင်ပြလာတဲ့ သူ အရေအတွက် ကိန်းဂဏန်ဟာ ခန့်မှန်းပြောဆိုတာဖြစ်ပြီး စစ်ကိုင်း ၁ တိုင်းလုံး စာရင်းပြုစု ရေးတွက်မယ်ဆိုပါက အခုဖော်ပြတဲ့ ၃ ရာကျော်ထက် ပိုမို များလာနိုင်တယ်လို့ သိရပါတယ်။
 
ပုံစာ- အရင် အကျဉ်းသားတွေလွှတ်စဉ်က ပုံဟောင်း
 
#voiceofmyanmar #vom #အမှုရုတ်သိမ်းလွှာ

Related posts

Leave a Comment

VOM News

FREE
VIEW