မတ္တရာမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးအသတ်ခံရတဲ့ကိစ္စနဲ့ ရွာသားသုံးဦးကိုဖမ်းဆီး

သြဂုတ် ၁၅-၂၀၂၁
KK(VOM)
 
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ မနေ့ ဩဂုတ် ၁၄ရက် ညနေပိုင်းက သပြေချောင်ကျေးရွာအုပ်ချုပ်ရေးမှူး အသတ်ခံရပြီးနောက် ညပိုင်းမှာ ရွာသား(၃)ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
 
သပြေချောင်ကျေးရွာ အုပ်ချုပ်ရေးမှူးဟာ မနေ့ညနေ ၄နာရီခန့်က ကိန္ဒီရီကျေးရွာဘက်ကို သွားတဲ့လမ်းမှာ အမည်မသိအဖွဲ့က သေနတ်နဲ့ပစ်ခတ်လို့ ပွဲချင်းပြီးသေဆုံးခဲ့တာဖြစ်တယ်လို့ သပြေချောင်ကျေးရွာသားတစ်ဦးက ပြောပါတယ်။
 
“ကိန္ဒီရီရွာနားက လမ်းပေါ်မှာ အပစ်ခံရတာ၊ သုံးချက်ပစ်ခံရတာ ပွဲချင်းပြီးပဲ၊ ရဲရောစစ်တပ်ရော ရောက်လာတာ လူအင်အားများတယ်၊ ညဘက်မှ ရွာထဲက သုံးယောက်အဖမ်းခံရတာ”လို့ သပြေချောင်ကျေးရွာသားတစ်ဦးက ပြောပါတယ်။
 
သေဆုံးသူဟာ သပြေချောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းနိူင်ဖြစ်ပြီး န စ ကကောင်စီလက်ထက်မှ အုပ်ချုပ်ရေးမှူးအဖြစ်ခန့်ထားသူတစ်ဦးဖြစ်တဲ့အပြင် ယခင်က ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးဖြစ်တယ်လို့
ဒေသခံကျေးရွာသားတွေပြောပြချက်အရ သိရပါတယ်။
 
သပြေချောင်ကျေးရွာကို ညဘက်မှာ စစ်တပ်က ရောက်ရှိလာပြီး ကိုအောင်ဌေးဦး၊ကိုဇင်၊ကိုဖိုးထူးတို့ကို ဖမ်းဆီးသွားတယ်လို့ ကျေးရွာနေသူတွေဆီကနေ သိရပါတယ်။
 
မတ္တရာမြို့နယ်မှာ ဧပြီ ၆ရက်က လင်းလွန်တောင်ကျေးရွာက ဒီမိုကရက်တစ်(မြန်မာ)ပါတီစည်းရုံးရေးမှူး တစ်ဦး မီးရှို့ခံရခြင်းကြောင့် သေဆုံးခဲ့သလိုဇူလိုင်၂၆ရက်ကလည်း မြစ်ကမ်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းဆွေကလည်း ဓားနဲ့ခုတ်သတ်ခံရလို့ သေဆုံးခဲ့တဲ့ ဖြစ်စဥ်တွေလည်း ဖြစ်ပွားခဲ့ပါတယ်။
 
#voiceofmyanmar #VOM #မတ္တရာ

Related posts

Leave a Comment

VOM News

FREE
VIEW