မုံရွာ ဆေးနဲ့ ဆေးပစ္စည်းစျေးကွက်ကို သက်ဆိုင်ရာအဖွဲ့​တွေက ရုတ်တရက် ဝင်ရောက် စစ်ဆေး

သြဂုတ် ၊ ၁၅ ၊ ၂၀၂၁
ကိုတိုးကြီး (VOM)
 
စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်က ဆေးနဲ့ ဆေးပစ္စည်းရောင်းဆိုင်တွေကို ဆေးဝါးနဲ့ ဆေးပစ္စည်းများ စျေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေး အဖွဲ့က မနေ့ သြဂုတ် ၁၄ ရက်ကစလို့ အရှောင်တခင် ဝင်ရောက်စစ်ဆေးနေတယ်လို့ မုံရွာ ဆေးနဲ့ ဆေးပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းရှင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” ဒီကာလမှာ ဆေးနဲ့ ဆေးပစ္စည်း လုပ်ငန်းရှင်တွေအနေနဲ့ အခက်အခဲ အကြပ်အတည်းဆိုတာ အနည်းနဲ့အများရှိမယ် ၊ သူတို့ အခက်အခဲကိုလည်း ဖြည့်ဆီး ကူညီပေးနိုင်ဖို့ ၊ ဝယ်ယူသုံးစွဲသူတွေအတွက်လည်း မှန်ကန်တဲ့ အရည်အသွေး သင့်တင့်မျှတဲ့ စျေးနူန်း ဖြစ်ဖို့ ဝန်ဆောင်တဲ့အနေနဲ့ အခုလို ဝင်ရောက်စစ်ဆေးရတာဖြစ်တယ် ” လို့ ဆေးဝါးနဲ့ ဆေးပစ္စည်းများ စျေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေး အဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။
 
မုံရွာမြို့ရဲ့ ဆေးနဲ့ ဆေးပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းရှင် တစ်ယောက်က ” ကိုဗစ်ရောဂါနဲ့ ပတ်သက်တဲ့ ဆေးလက်ကျန် အနေအထားနဲ့ စျေးကွက် အနေအထားတွေ စစ်ဆေးတယ် ၊ မူဝါဒဆိုင်ရာ လမ်းညွှန်ချက်တွေက ကောင်းတယ် ၊ အဲ့ဒီ မူဝါဒကို ရာနူန်းပြည့် အကောင်အထည်ဖော် ဝန်တောင်မှုပေးမယ်ဆိုတာ အာမခံချက် မတွေ့ရဘူး ” လို့ ပြောပါတယ်။
 
မုံရွာမြို့ရဲ့ ဆေးနဲ့ ဆေးပစ္စည်း လိုအပ်ချက်တွေကို မူဆယ် မန္တလေး မုံရွာ ၊ တမူး ကလေး မုံရွာ နဲ့ ရန်ကုန် မန္တလေး မုံရွာ စတဲ့ လမ်းကြောင်းတွေကနေ ဝင်ရောက်တာဖြစ်ပါတယ် ။
 
” ကုန်ပစ္စည်းစီးဆင်းမှုက အဆင်ပြေတယ် ၊ ကုန်ဖိုးငွေ ပေးချေဖို့ ငွေကြေး စီးဆင်းမှုက အဆင်မပြေဘူး ၊ မုံရွာက ငွေလွဲ အထွက်ရှိပေမယ့် ၊ ဟိုမှာက အဝင်စာရင်း အရောက်နောက်ကျတာနဲ ငွေသားထုတ်ယူဖို့ ရက်ချိန်စောင့်ရတာဆိုတော့ ကုမ္မဏီတွေဘက်ကလည်း စျေးကွက်ထဲ ပစ္စည်းရောက်ဖို့ ကြန့်ကြာမှုတွေဖြစ်လာတယ် ” လို့ လုပ်ငန်းရှင် တစ်ယောက်က ပြောပါတယ် ။
 
ဒါ့အပြင် ဆေးနဲ့ ဆေးပစ္စည်း လာရောက်ဝယ်ယူသူ တစ်ဦးက ” လွန်ခဲ့တဲ့ရက်ပိုင်းတွေက Cetirizine ၊ Afrin ၊ Cevit၊ ပါရာကတ်၊ ဒီကိုဂျင် ၊ အင်နာဗွန် စီ ၊ စီဗစ် ၊ ဆာဖာအုပ်စုနဲ့ ပါရာအုပ်စု အပါအဝင် အားဆေးတွေနဲ့ အဟာရ ဖြည့်စွက်စာ ကြက်ပေါင်းဆီ၊ ငှက်သိုက်၊ ဓာတ်ဆား စတဲ့ ပစ္စည်းတွေရဲ့ စျေးနူန်းနဲ့ အခုရက်ပိုင်း စျေးနူန်းက သိသိသာသာကျသွားတယ်” လို့ ပြောပါတယ်။
 
ပြီးခဲ့တဲ့ ရက်ပိုင်းက ဆေးနဲ့ ဆေးပစ္စည်းတွေကို ထိန်းချုပ် သိုလှောင်ထားတဲ့ ဆေးဂိုဒေါင် ၂၄ လုံးကို ရန်ကုန် ဆေးဝါးနဲ့ ဆေးပစ္စည်းများ စျေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေး အဖွဲ့က ဝင်ရောက်စစ်ဆေး အရေးယူပြီးနောက် ဆေးနဲ့ ဆေးပစ္စည်း စျေးကွက်ဟာလည်းသိသိသာသာ ပြောင်းလဲသွားတာ ဖြစ်တယ်လို့ သိရပါတယ်။
 
#voiceofmyanmar #vom #ဆေးနဲ့တေးပစ္စည်းဈေးကွက်
 
Photo- ဆေးဝါးနဲ့ ဆေးပစ္စည်းများ စျေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေး အဖွဲ့

Related posts

Leave a Comment

VOM News

FREE
VIEW