ကျောက်မဲဘက်က စစ်ရှောင်တွေ အစားအသောက်နဲ့ ဆေးဝါး ခက်ခဲနေ

ဩဂုတ် ၁၆၊ ၂၀၂၁
Shy V(VOM)
 
ရှမ်းပြည်နယ် ၊ ကျောက်မဲမြို့နယ်ဘက်က စစ်ရှောင် ပြည်သူတွေ အစားအသောက်နဲ့ ဆေးဝါး ခက်ခဲနေတယ်လို့ ရှောင်တိမ်းလာသူတွေနဲ့ လက်ရှိအကူအညီ ပေးနေသူတွေဆီက သိရပါတယ်။
 
” အများဆုံး အဓိက လိုအပ်နေတာက စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေပဲ၊ သက်ကြီးရွယ်အိုတွေ အများကြီးပါတယ်။ ဒုက္ခိတတွေလည်းပါတယ်။ ဆန်က အလှူရှင်ရှိပေမယ့် စားနပ်ရိက္ခာ မလုံလောက်ဘူး။ ဆန်၊ ဆီ၊ ဆား၊ ဆေးဝါး၊ ဆပ်ပြာ၊ ဟင်းတွေအကုန်ပဲခ။ အဝတ်ရောစောင်တွေရော” လို့ မိုင်းတင်းက စစ်ရှောင် ပြည်သူတစ်ဦးက ပြောပါတယ်။
 
တစ်ချို့ စစ်ရှောင်ပြည်သူတွေဟာ တိုက်ပွဲကြောင့်
နှစ်ကြိမ်ထပ်ရှောင် လာခဲ့ရတဲ့သူဖြစ်ပြီး လက်ရှိ ရွာတွေထဲ စစ်သားတွေရှိနေတာကြောင့် ပြန်လို့မရဖြစ်နေသလို အချိန်ဘယ်လောက်ကြာကြာ ရှောင်နေရမယ်ဆိုတာကို မသိ​ဘူးလို့ စစ်ရှောင်တွေက ပြောပါတယ်။
” ကျန်းမာရေးမကောင်းတဲ့လူတွေပါတော့ စာသင်ကျောင်းမှာ အခင်းတွေ အဆင်မပြေဘူး၊ လူအများနဲ့ ရောပြီး မနေရဲလို့ နီးစပ်ရာ ရပ်ကွက်မှာ လာရောက်မှီခိုကြရပေမယ့် အိမ်ရှင်တွေလည်း အစားအသောက် အလုံအလောက် မထောက်ပံ့နိုင်ဘူး၊ အစားအသောက်က အဓိကပေါ့နော်။ အဆင်မပြေတာ နောက်ထပ် ဆေးဝါးကလည်း လိုတယ်။ လူတွေကလည်း ပြန့်ကျဲနေတော့ အကုန်လုံးကို ကူညီနိုင်ဖို့ မလွယ်ဘူး” လို့ လက်ရှိ ကျောက်မဲမြို့တွင်းက စစ်ရှောင်တွေကို အကူအညီပေးနေသူ တစ်ဦးက ပြောပါတယ်။
 
နမ့်ခုံးရှမ်းများ ပရဟိတ အသင်းက တာဝန်ရှိသူ တစ်ဦးကလည်း “ကျောက်မဲကို ပြေးလာတဲ့လူတွေကတော့ တဖြည်းဖြည်း တိုးလာတာပေါ့။ စစချင်းကတော့ ဘုန်းကြီး ကျောင်း တစ်ကျောင်းကို လေး၊ ငါးဆယ် ယောက်ပဲရှိတယ်။ ပန်ကွမ်ကျေးရွာ၊ ရွာဟောင်းနဲ့ ပန်ဖြတ်ကျေးရွာ တွေဘက်မှာ RCSS/SSA နဲ့ SSPP/SSA, TNLA ပူးပေါင်းတပ်တို့အကြား ဩဂုတ် ၁၁ ရက်နေ့ လောက်ကတည်းက တိုက်ပွဲဖြစ်ပွားလာတာ၊ တော့ဆန်အုပ်စုထဲမှာ ရှိနေတဲ့ ရွာတွေမှာ သူတို့ တိုက်ပွဲ ဖြစ်တာကြာပြီ ” လို့ ပြောပါတယ်။
 
လက်ရှိ ကျောက်မဲ ၉ တိလင် ရပ်ကွက်မှာ ၇၂ ဦး၊ ၁ ကွက်မှာ ၂၉ ဦး၊ ၂ ကွက်မှာ ၃၇ ဦး၊ ၂ ကွက်နမ့်တုံ ၁၁ ဦး၊ ပိန္နဲကုန်းမှာ ၃၀ ဦး၊ ပန်ပေါင်းမှာ ၁၁ ဦး၊ ကောင်းအက်ရွာမျာ ၉ ဦး စုစုပေါင်း ကျောက်မဲမြို့ထဲမှာ ၁၉၉ ဦးရှိပြီး နမ့်စော့ စာသင်ကျောင်းမှာ ၁၁၁ ဦး၊ မိုင်းတင်းမှာ ၃၀ဦး၊ ပြိန်းခါးမှာ ၉ ဦး၊ လွယ်ကုန်မှာ ၈၀ ဦး စုစုပေါင်း ၂၃၀ ဦးရှိကာ စာရင်းက အတိုး၊ အလျော့ရှိတယ်လို့ စစ်ရှောင်တွေထဲက တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
 
RCSS/SSA နဲ့ SSPP/SSA, TNLA ပူးပေါင်းတပ်တို့ အကြား တိုက်ပွဲပြင်းထန်လာတာကြောင့် လက်ရှိ ကျောက်မဲမြို့တွင်းမှာ ယာယီ တိုက်ပွဲရှောင်လာသူ ၁၁၉ ဦးရှိပြီး မြို့ပြင်ဘက်နဲ့ အခြားရွာတွေမှာ ၂၃၀ ရှိကာ အားလုံး ၄၂၉ ဦး ရှိတယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းတုန်းကလည်း ကျောက်မဲမြို့ထဲမှာ ၂၆၂ ဦးနဲ့ မိုင်းငေါ့မှာ ၄၇၀ ဦး စုစုပေါင်း ၇၃၂ ဦး ယာယီ တိမ်းရှောင်နေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။
 
Photo – June Lay, Nang Kham Shwe
#voiceofmyanmar #vom #ကျောက်မဲ

Related posts

Leave a Comment

VOM News

FREE
VIEW