မင်းကင်းရပ်ကွက်ရုံးရှေ့မှာ ရဲက ပစ်ခတ်လို့ အရပ်သား ၂ ဦးသေဆုံး

သြဂုတ် ၊ ၁၇ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့ ၊ အမှတ် ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ဒီကနေ့ နေ့လယ်ပိုင်းက ရဲကပစ်ခတ်လို့ အရပ်သား(၂)ဦးသေဆုံးတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ မင်းကင်းမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
အဲ့ဒီ ပစ်ခတ်မှုကို ကိုယ်တိုင်မြင်တွေ့လိုက်ရတဲ့ မင်းကင်းမြို့ခံ တစ်ယောက်က ” အုပ်ချုပ်ရေးမှူးရုံးရှေ့ကို ယောကျ်ား ၁ ယောက်နဲ့ မိန်းမ ၁ ယောက်ရောက်လာတယ် ၊ အဲ့ဒီ ယောကျ်ား ၁ ယောက်နဲ့ အုပ်ချုပ်ရေးမှူးရုံးရှေ့ ကင်းစောင့်နေတဲ့ ရဲနဲ့စကားများတယ် အဲ့အချိန်မှာ စဖြစ်တာ ” လို့ ပြောပါတယ်။
 
အဲ့ဒီ ပစ်ခတ်မှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကလေးခရိုင်ရဲတပ်ဖွဲ့ရုံးကို ဆက်သွယ်မေးမြန်းတဲ့အခါ တာဝန်ကျ ရဲအရာရှိဝန်ထမ်းတစ်ယောက်က ” အမှတ် ၁ ရပ်ကွက်ရုံးမှာ ရဲတပ်ကြပ် ဆန်းဝင်းအောင် လုံခြုံရေးတာဝန်ကျတယ် ၊ အဲ့ဒီနေရာကို ကျွန်းတော်ကျေးရွာက အမျိုးသား ၁ ဦးနဲ့ မင်းစားကျေးရွာက အမျိုးသမီး ၁ ဦးရောက်လာပြီး လုံခြုံရေးတာဝန်ကျ ရဲတပ်ကြပ်ကို ရန်ပြုတယ်၊ အဲ့ဒါဲကြောင့် ရဲတပ်ကြပ်က MA – 3 သေနတ်နဲ့ ပစ်ခတ်တယ် ၊ အဲ့ဒီ အချိန်မှာ သူနဲ့အတူပါလာတဲ့ အမျိုးသမီးက သေနတ်ကို ဝင်လုတဲ့အတွက် လုံခြုံရေးလုပ်ငန်းစဥ်အရ ပစ်ခတ်လိုက်ရတယ် “လို့ ပြောပါတယ်။
 
အဲ့ဒီ ပစ်ခတ်မှုကြောင့် သေဆုံးသူ လူ ၂ ယောက်ဟာ ကျွန်းတော်ကျေးရွာနေ အသက် ၄၃ နှစ် အရွယ် အမျိုးသား ဦးခေါင်းဝဲဘက်အခြမ်း ပွင့်ထွက်ဒဏ်ရာနဲ့ မင်းစားကျေးကွာနေ အသက် ၃၇ နှစ်အရွယ် အမျိုးသမီး ဝဲဘက်ရင်အုံ ကျည်ဆံဖောက်ထွက်ဒဏ်ရာနဲ့ နေရာမှာတင် သေဆုံးသွားခဲ့တာဖြစ်ပါတယ်။
 
အဲ့ဒီ လူသေဆုံးတဲ့ဖြစ်စဥ်ကို မင်းကင်းမြို့မရဲစခန်းက သေမှုသေခင်းဖွင့် စစ်ဆေးသွားမယ်လို့ သိရပါတယ် ။
 
ဒါ့အပြင် အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး အင်တာနက် စာမျက်နှာတချို့မှာ ရဲဝန်ထမ်းက mask မတပ်တဲ့ အရပ်သား ၂ ယောက်ကို ပစ်ခတ်လို့ သေဆုံးသွားရတာဖြစ်တယ်လို့ ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။
 
လွန်ခဲ့တဲ့ ၂ လခန့်က မင်းကင်း ပြည်သူ့ဆေးရုံမှာ လုံခြုံရေး တာဝန်ကျ ရဲဝန်ထမ်းတစ်ဦး ကိုင်ဆောင်ထားတဲ့ သေနတ် ၁ လက်ကို အမည်မသိ လူ ၂ ယောက်က လုယူထွက်ပြေးတဲ့အတွက် သေနတ် ၁ လက် ပါသွားတယ်လို့ မင်းကင်းမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
#voiceofmyanmar #VOM #မင်းကင်း

Related posts

Leave a Comment

VOM News

FREE
VIEW