ကြံဖိုးငွေတွေကို အပြီးရှင်းမပေးတဲ့ စင်ကာပူအခြေစိုက် ဝေမာကုမ္ပဏီကို ကြံတောင်သူတွေကတရားစွဲဆိုထား

သြဂုတ် ၁၇-၂၀၂၁
ရွှေမန်း(VOM)
 
စစ်ကိုင်းတိုင်း၊ မောင်းကုန်းဒေသက ကြံစိုက်တောင်သူတွေဟာ ကြံရာသီကုန်ဆုံးသော်လည်း သုံးလကျော်နောက်ကျတဲ့ ကြံဖိုးငွေတွေကို အပြီးရှင်းမပေးတဲ့ စင်ကာပူအခြေစိုက် ဝေမာကုမ္ပဏီကို တရားစွဲဆိုထားတယ်လို့ ​တောင်သူတွေပြောပြချက်အရ သိရပါတယ်။
 
လက်ရှိမှာ တာဝန်ရှိသူတွေက စက်ရုံပိတ်​ပြီး
ထွက်ပြေးနေတယ်လို့ သိရပါတယ်။
 
၂၀၂၀ခုနှစ်က ကြံဖိုးငွေတွေကို စင်္ကာပူနိုင်ငံအခြေစိုက် ဝေမာကုမ္ပဏီက ၂၀၂၁ခုနှစ် ကြံစိုက်ရာသီဖြစ်တဲ့ သြဂုတ်လအထိ ငွေပေးချေခြင်းမရှိတဲ့အတွက် ကြံစိုက်တောင်သူ ငါးထောင်ကျော်ဟာ လာမည့်ကြံရာသီအတွက် ကြံစိုက်ခင်းအသစ်တွေ ထပ်မံမစိုက်ပျိုးနိုင်ခြင်း၊ လမိုင်းကွင်းတွေကို မြေဆီထည့်ခြင်း၊ ပေါင်းရှင်းလင်းခြင်းများကို မလုပ်ဆောင်နိုင်တာကြောင့် နစ်နာမှုများဖြင့်ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
 
ဇူလိုင်လအတွင်း ကြံဖိုးငွေအချို့ ရှင်းပေးပေမယ်လည်း ထပ်မံကျန်ရှိနေသေးကြောင်း တကောင်းမြို့နယ် ကြံစိုက်တောင်သူတွေရဲ့ကိုယ်စားလှယ် ဦးဖြူတင်ပြောပြချက်အရ သိရပါတယ်။
 
” သကြားစျေးကို စျေးမြင့်တက်တာနဲ့အတူ ကြံစျေးနှုန်းတိုးပေးဖို့တောင်းဆိုခဲ့တယ်၊ မပေးဘူး။ စက်ရုံရပ်ပြီးကာလ ဘဏ်ထုတ်ဖို့အခက်အခဲရှိတယ်ဆိုပြီးတော့ ကြံဖိုး၊ ကားခတွေမရှင်းပေးဘူး။ ကြံစိုက် ရာသီဖြစ်တဲ့ ဇူလိုင်၊ သြဂုတ်လတွေမှာ မစိုက်ပျိုးနိုင်ဘူး၊ အသစ်စိုက်ပျိုးမှု၊ လမိုင်းကွင်းကို ပေါင်းရှင်းမြေ ဆီထည့်တာ နစ်နာတာတွေများတယ်၊ အပြင်ကနေပြီးတော့ အတိုးနှုန်းတွေယူပြီး စိုက်ပျိုးနေရတယ်၊ စက်ရုံကပေးဖို့ ပျက်ကွက်ခဲ့တာ သုံးလကျော်သွားပြီ၊ ကုမ္ပဏီကို တရားစွဲဆိုထားရာမှာလည်း စွဲဆိုခြင်းခံထားရတဲ့သူတွေက တရားရင်မဆိုင်ဘဲ ထွက်ပြေးနေတယ်၊ အမြန်ဆုံးရှင်းလင်ပေးစေချင်တယ်၊ အဲ့ဒါနဲ့ပက်သက်ပြီး ဒေသက သက်ဆိုင်ရာတရားရုံးတွေမှာ တရားစွဲဆိုထားတယ်၊ ဇူလိုင်လထဲမှာ ကြံဖိုးတွေ ရှင်းပေးပေမယ့်လည်း အကုန်မရှင်းပေးသေးဘဲ အခု စက်ရုံကိုပိတ်ထားတယ်”လို့ ကြံစိုက်တောင်သူ၊ ကြံစိုက်တောင်သူတွေရဲ့ကိုယ်စားလှယ် ဦးဖြူတင်ကပြောပါတယ်။
 
ကြံစိုက်တောင်သူတွေ နစ်နာသလို ဝေမာကုမ္ပဏီနဲ့လက်တွဲလုပ်ဆောင်ခဲ့တဲ့ ဂရိတ်ဝေါလ် ကုမ္ပဏီအနေနဲ့လည်း နစ်နာမှုတွေကြုံတွေ့နေရတဲ့အတွက် သက်ဆိုင်ရာတရားရုံးတွေကို တရားစွဲဆိုထားတယ်လို့ ဂရိတ်ဝေါလ်ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဥပဒေအကြံပေး တရားလွှတ်တော်ရှေနေ့ ဒေါ်နန္ဒာမြင့်သိန်းကပြောပါတယ်။
 
” ကျွန်မကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံကုမ္ပဏီများ ရင်းနှီးမြုပ်နှံ့မှု ဥပဒေအတိုင်း ဆောင်ရွက်သွားပါမယ်။ မြန်မာနိုင်ငံအတွင်းမှာ လာရောက်ရင်းနှီးတဲ့ ကုမ္ပဏီတွေက လက်ရှိပြည်တွင်းဥပဒေတွေကို လေးစားလိုက်နာရပမယ်။ ဝေမာကုမ္မဏီက မြန်မာနိုင်ငံသားပိုင်ကုမ္ပဏီကို နိုင်ထက်စီးနင်းလုပ်တဲ့အတွက်ကြောင့်မို့ တရားဆွဲဆိုထားပါတယ်”လို့
တရားလွှတ်တော်ရှေနေ့ ဒေါ်နန္ဒာမြင့်သိန်းကပြောပါတယ်။
 
မောင်းကုန်းဒေသက ကြံစိုက်တောင်သူတွေဟာ ဂရိတ်ဝေါလ်၊ဝေမာ သကြားစက်ရုံတို့မှာပဲ ကြံစိုက်ပျိုးတင်သွင်းတဲ့အတွက် လက်ရှိအချိန်မှာ ကြံဖိုးငွေတွေ အပြည့်မရသေးသလို လာမယ့်ကြံရာသီမှာလည်း ကြံတင်သွင်းဖို့ မသေချာတဲ့ အခြေအနေနဲ့ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
 
#voiceofmyanmar #vom #မောင်းကုန်း

Related posts

Leave a Comment

VOM News

FREE
VIEW