သူဌေးကုန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခေါင်းဖြတ် အသတ်ခံရ

သြဂုတ် ၊ ၁၇ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ သူဌေးကုန်းကျေးရွာမှာ မနေ့ သြဂုတ် ၁၆ ည ၈ နာရီ ဝန်းကျင်က ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခေါင်းဖြတ် အသတ်ခံရတယ်လို့ မြောင်မြို့နယ် ကျောက်ရစ်ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” ဒေသအခေါ်ကတော့ သူဌေးကုန်းရွာ ၊ မြို့နယ်အမည်ပေါက်က သုခဒီပ ရွာလို့ခေါ်တယ် ၊ အဲ့ဒီရွာက အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိန် ရဲ့အိမ်ကို မနေ့ညက ၈ နာရီ မထိုခင် လူတစုရောက်လာပြီး အုပ်/မှူး ဦးအောင်မြင့်စိန် ကို ဦးခေါင်းဖြတ် သတ်တယ် ၊ အဲ့ဒီအချိန်မှာ ဘေးအိမ်က အော်လို့ဆိုပြီး ဘေးအိမ်ကို သေနတ်နဲ့ ပစ်တယ် ၊ ကျည်ဆံမှန် ဒဏ်ရာရသူ တချို့ရှိထားတယ်လို့ သိရတယ် ၊ ကနဦး သိရတာ အဲ့ဒီလောက်ပဲ ၊ မြေပြင် ဖြစ်စဥ်က မနက်လင်းမှ တိတိကျကျ သိနိုင်မှာ ” လို့ မြောင်မြို့နယ် ကျောက်ရစ်ရွာနေ ဒေသခံ တစ်ယောက်က ပြောပါတယ်။
 
မြောင်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန်လနဲ့ ဇူလိုင်လ အတွင်း ပြည်ခိုင်ဖြိုး လွှတ်တော်အမတ်ဟောင်း ၁ ဦး အပါအဝင် ကျေးရွာအုပ်ချုပ်ရေးမှူးတချို့နဲ့ ၊ သတင်းပေးလို့ နာမည်ထွက်သူတွေ အသတ်ခံရတာ ရှိခဲ့ပါတယ် ။
 
အဲ့ဒီ လူသတ်မှုဖြစ်စဥ်တွေနဲ့ ပတ်သက်လို့ မြောင်မြို့နယ်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အငြိမ်းစား ရဲဝန်ထမ်း တစ်ယောက်က ” ရွှေပေါက်ပင်ရွာမှာ မိသားစုလိုက် သတ်ခံရတဲ့ ၃ လောင်းပြိုင် ၊ ရေစကြိုဘက်က လာတဲ့ စံပြ လူမှုကူညီရေးအသင်းက ပရဟိတ သမားတွေ သတ်ခံရတဲ့ ၃ လောင်းပြိုင် ၊ ဆွဲလဲအိုရွာ အုပ်ချုပ်ရေးမှူးနဲ့ သတ်ခံရတဲ့ ၂ လောင်းပြိုင် ၊ အမတ်ဟောင်း ဦးဝင်နိုင်နဲ့ သတ်ခံရတဲ့ ၂ လောင်းပြိုင် ၊ သတင်းဒလန်လို့ ကျော်ဇောနေတဲ့ နှဲမှုတ်ရွာက လင်မယား ၂ ယောက် သတ်ခံရတဲ့ ၂ လောင်းပြိုင် မှတ်မိသလောက် ၂ လထဲမှာ ၃ လောင်းပြိုင် ၂ ခါနဲ့ ၂ လောင်းပြိုင် ၄ ခါ ” လို့ ပြောပါတယ်။
 
အဲ့ဒါကြောင့် မြောင်မြို့နယ်မှာ ၂ လတာကာလအတွင်း အလောင်းပြိုင် လူသတ်မှုဖြစ်စဥ်တွေကြောင့် ကလေးသူငယ် ၁ ဦး အပါအဝင် သေဆုံးသူ ၁၄ ယောက်နဲ့ ဒဏ်ရာရသူ ဒါဇင်ဝက်ခန့် ရှိခဲ့တာ ဖြစ်ပါတယ် ။
 
အဲ့ဒီလူသတ်မှုဖြစ်စဥ်တွေထဲက သေဆုံးသူတွေဟာ ကျည်ဆံဖောက်ဝင် ဒဏ်ရာ ၊ ပြတ်ရှ ထိုးသွင်းဒဏ်ရာနဲ့ ဦးခေါင်းဖြတ် ဒဏ်ရာတို့ ပါဝင်နေတယ်လို့ သိရပါတယ်။
 
မြောင်မြို့နယ်ဟာ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း ၊ မကွေးတိုင်း ၊ အဲ့ဒီ တိုင်း ၃ တိုင်းနဲ့ ၃ ပွင့်ဆိုင် ထိစပ်နေပြီး ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ် အကြားတည်ရှိကာ မြို့နယ်ထဲက ကျေးရွာအများစုဟာ ဆက်သွယ် သွားလာရေး ခက်ခဲတဲ့အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးအများစုက တာဝန်ကနေ အနားယူ နုတ်ထွက်ခွင့်ပြုဖို့ ပြီးခဲ့တဲ့ ဇူလိုင်လက တင်ပြစာတွေ ရေးသားထားတာကိုလည်း တွေ့ရပါသေးတယ်။
 
စစ်ကိုင်းတိုင်းထဲမှာ ပြီးခဲ့တဲ့ ၂ လက စလို့ ဦးခေါင်းဖြတ် အသတ်ခံရတာတွေဟာ တန့်ဆည်မြို့နယ်မှာ ၃ ကြိမ် ၊ ကသာမြို့နယ်မှာ ၁ ကြိမ် ၊ ခင်ဦးမြို့နယ် ၁ ကြိမ် ၊ ပုလဲမြို့နယ် ၁ ကြိမ်နဲ့ မြောင်မြို့နယ် ၁ ကြိမ် အားလုံး ၇ ကြိမ်ရှိပြီလို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။
 
#voiceofmyanmar #VOM #မြောင်

Related posts

Leave a Comment

VOM News

FREE
VIEW