အမ်းမှာ ကျောင်းထိုင်ဘုန်းကြီးက ဆိတ်ပိုင်ရှင်နဲ့ဆိတ်ကို ဓါးနဲ့ခုတ်သတ်လို့ ရဲကဖမ်းဆီးထား

အမ်း၊ ဩဂုတ် ၁၇- ၂၀၂၁
HAS (VOM)
 
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှာ ဩဂုတ်လ ၁၅ ရက်နေ့က လူငယ်တစ်ဦးဓားခုတ်ခံရပြီး ပွဲချင်းပြီးသေဆုံးသွားတာကြောင့် အဲဒီလူငယ်ကို ဓားနဲ့ခုတ်သတ်တဲ့ ကျောင်းထိုင်ဘုန်းကြီးကို အမ်းရဲတပ်ဖွဲ့က မနေ့ ဩဂုတ်လ ၁၆ ရက်နေ့မှာ ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
 
သေဆုံးသွားတဲ့လူငယ်ဟာ အမ်းမြို့နယ်၊ လိပ်ကုန်းကျေးရွာက အသက် (၂၀) အရွယ်၊ မောင်ခင်မောင်လေးဖြစ်ကြောင်းသိရပြီး ဓားဒဏ်ရာ (၃) ချက်နဲ့ သေဆုံးသွားတာဖြစ်တယ်လို့ သေဆုံးသွားသူရဲ့အစ်ကိုဖြစ်သူက ပြောပါတယ်။
 
ဖြစ်စဉ်မှာ ဩဂုတ်လ ၁၅ ရက်နေ့ ညနေ ၄ နာရီကျော်လောက်က ပျဉ်းကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းကို ဝင်ရောက်လာတဲ့ မောင်ခင်မောင်လေးရဲ့ ဆိတ်ကို ကျောင်းထိုင်ဘုန်းကြီးက ဓားနဲ့ ခုတ်သတ်ခဲ့တာကြောင့် အကျိုးအကြောင်းပြောဖို့ ဘုန်းကြီးကျောင်းကို ဝင်လာရာမှာ ဆိတ်ကိုခုတ်ထားတဲ့ဓားနဲ့ ခုတ်သတ်ခဲ့တာဖြစ်ကြောင်း မောင်ခင်မောင်လေးရဲ့ မိသားစုဆီကနေ သိရပါတယ်။
 
သေဆုံးသွားသူရဲ့အစ်ကိုဖြစ်သူ ဦးမောင်ခင်ညွှန့်က “ အဲ့ဒီဘုန်းကြီးက ရွာမှာလည်း ဓားတစ်ချောင်းကိုင်ပြီး လူမိုက်စကားတွေပြောတယ်လို့ ပြောတယ်။ ဆိတ်တစ်ကောင်ကို လည်ပင်းခုတ်လိုက်ပြီး အဲဒါ ဘယ်သူ့ ဆိတ်လဲဆိုပြီး လာကြည့်ကြဆိုပြီးပြောတယ်တဲ့၊ ကျနော့် ညီလေးက အဲဒါနဲ့ ပတ်သက်ပြီး သွားပြောတဲ့အခါ ပြဿနာဖြစ်ပြီး မသေမချင်း ဓားနဲ့ခုတ်လိုက်တဲ့ ပုံစံကျသွားပါတယ်။” လို့ ပြောပါတယ်။
 
ဓားခုတ်ခံရတဲ့ ဆိတ်ပိုင်ရှင် မောင်ခင်မောင်လေးမှာ ဘယ်ပေါင်၊ ဘယ်လက်မောင်း ဓားခုတ်ဒဏ်ရာနဲ့ လည်ပင်း ပြတ်လုဆဲ ဓားခုတ်ဒဏ်ရာတွေနဲ့ သေဆုံးသွားတာဖြစ်ပြီး ရည်ရွယ်ချက်ရှိရှိ မသေမချင်း ခုတ်သတ်ခြင်းဖြစ်နိုင်ကြောင်း မောင် ခင်မောင်လေးရဲ့ မိသားစုက ပြောပါတယ်။
 
ဆက်လက်ပြီး ဦးခင်မောင်ညွှန့်က “ ကျနော်ကတော့ အမှုနဲ့ပတ်သက်ပြီး အမှန်တရားကိုပဲလိုချင်ပါတယ်။ ကျနော့် ညီလေးကို မသေမချင်းဓားနဲ့ ခုတ်သတ်တဲ့အပေါ်မှာ မိသားစုအနေနဲ့ ဖြေသိမ့်လို့မရပါဘူး။ ကျနော့်ညီလေးကို သေအောင်ထိလုပ်တဲ့လူတစ်ယောက်ကို ကျနော့်အနေနဲ့ သေကြေတဲ့ ပြစ်ဒဏ်ပဲ ပေးချင်ပါတယ်။ ဥပဒေအရဆိုရင်တော့ ပြီးဆုံးသွားရင် သူကလွှတ်ချင်လွှတ်လာနိုင်တယ်။” လို့ ပြောပါတယ်။
 
လက်ရှိမှာ အဲ့ဒီ ပျဉ်းကုန်းကျေးရွာက ကျောင်းထိုင်ဘုန်းကြီးကို အမ်းရဲတပ်ဖွဲ့က ဖမ်းဆီးသွားပြီး ဘုန်းကြီးကို လူသတ်မှုပုဒ်မ ၃၀၂ နဲ့ မောင်ခင်မောင်လေးရဲ့ ဖခင်ဖြစ်သူက အမှုဖွင့်ထားကြောင်း အမ်းမြို့မရဲစခန်းက အတည်ပြုပြောပြချက်အရ သိရပါတယ်။
 
Photo- ကိုမျိုးလွင်/ Facebook
#voiceofmyanmar #VOM #အမ်း

Related posts

Leave a Comment

VOM News

FREE
VIEW