ကသာမြို့နယ် ရွှေပြည်သစ်ကျေးရွာက သတင်းပေးလို့ နာမည်ထွက်နေသူ အသတ်ခံရ

သြဂုတ် ၊ ၁၉ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် ၊ တုတ်ကြီးကျေးရွာအုပ်စု၊ ရွှေပြည်သစ်ကျေးရွာက လူ ၁ ဦးဟာ သက်ဆိုင်ရာကို ဖုန်းနဲ့သတင်းပေးနေတယ်ဆိုပြီး အမည်မသိအဖွဲ့က နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးခဲ့ပြီးနောက် တောစပ်တနေရာမှာ သတ်ပစ်လိုက်တယ်လို့ ကသာမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။
 
” မနေ့ သြဂုတ် ၁၈ မနက်အစောပိုင်း ၁ နာရီမထိုးခင်အချိန်မှာ ရွှေပြည်သစ်ကျေးရွာက ကိုမိုးခိုင်ရဲ့ အိမ်ထဲကို ၅ ယောက် အနက် ၄ ယောက်က သေနတ်ကိုယ်စီ ကိုင်ထားပြီး ဝင်လာတယ် ” စိုးအောင်ရဲ့ ယောက်ဖ မိုးခိုင်ဆိုတာ ဟုတ်လား ” လို့ သူတို့ကမေးတော့ ကိုမိုးခိုင်ရဲ့ မိန်းမက ဟုတ်ပါတယ်လို့ ပြန်ဖြေတယ် ၊ ” ငါတို့စခန်း မီးရှို့ခံရတာ နင့်တို့ဖုန်းဆက်လို့ “ဆိုပြီး ကိုမိုးခိုင်ကို ဖမ်းတယ် ၊ အဲ့ဒီလို ရုန်းရင်းဆန်ခတ် ဖြစ်နေတဲ့အချိန် အိမ်ချင်းကပ်မှာနေတဲ့ ကိုမိုးခိုင်ရဲ့ ညီဖြစ်သူ ကိုဖိုးစီ ခေါ် ကျော်သူမိုး ရောက်လာတယ် ၊ လက်နက်ကိုင် အဖွဲ့ထဲက လူ ၁ ယောက်က သေနတ်ဒင်နဲ့ ကိုဖိုးစီရဲ့မျက်နှာကိုရိုက်တယ် ၊ ပြီးတော့ ကိုမိုးခိုင်ကိုလက်နောက်ပြန်ကြိုးတုပ်ပြီး ဆိုင်ကယ်နဲ့ ဖမ်းခေါ်သွားတာဖြစ်တယ် ” လို့ ကိုမိုးခိုင်နဲ့ ဆွေမျိုးတော်စပ်သူတစ်ယောက်က ပြောပါတယ် ။
 
ဒါ့အပြင် သူဆက်ပြောတာက ” နာရီဝက်လောက်ကြာတော့ ဆွေမျိုးတွေကို အကြောင်းကြားပြီး ကိုမိုးခိုင်ကို လိုက်ရှာဖို့လုပ်ကြတယ် ၊ ရွှေပြည်သစ်ရွာနဲ့ ၂ မိုင်လောက်ဝေးတဲ့ ရွှေငှက်ချောင်းတောင်တက် ၊ လူမနေတဲ့ ဦးသိန်းထွန်း သရက်ခြံရှေ့ ဗန်းမော်-ကသာ ကားလမ်းပေါ်မှာ ဒဏ်ရာအများအပြားနဲ့ ကိုမိုးခိုင်ကို ပြန်တွေ့ရတယ် “လို့ ပြောပါတယ်။
 
ကသာမြို့နယ် ရဲတပ်ဖွဲ့ရုံးရဲ့ မှုခင်းရဲဆေးစာမှာ ဖော်ပြထားတာက သေဆုံးသူ ကိုမိုးခိုင် အသက် ၄၇ နှစ် ရဲ့ ကိုယ်ခန္ဓာပေါ်မှာ ယာဘက် လက်မောင်း ၊ လက်ဖျန် ဆုတ်ပြဲ ဒဏ်ရာ ၊ ယာဘက်ပေါင်ရင်း ထိုးသွင်းဒဏ်ရာ ၃ ချက် ၊ ဝဲဘက်ခြေသလုံး ဆုတ်​ပြဲဒဏ်ရာ ၊ နောက်ကျော ဆုတ်ပြဲဒဏ်ရာ ၃ ချက် ၊ နဲ့ ယာဘက်တင်ပါးဆုံမှာ ဆုတ်ပြဲဒဏ်ရာတွေ ရရှိထားတယ်လို့ သိရပါတယ်။
 
” ရရှိဒဏ်ရာတွေ များပေမယ့် ချက်ချင်းသေဆုံးတာ မဟုတ်ဘူး ဆေးရုံးရောက်ပြီးမှ အသက်ကုန်တာဆိုတော့ ဒါဟာ ညှင်းပန်းနှိပ်စက်ပြီး သတ်ဖြတ်တာဖြစ်တယ် ” လို့ သေဆုံးသူနဲ့ ဆွေမျိုးတော်စပ်သူတစ်ယောက်က ပြောပါတယ် ။
 
အဲ့ဒီ ကိစ္စနဲ့ပတ်သက်ပြီး ကသာမြို့မရဲစခန်းက (ပ) ၉၄ / ၂၀၂၁ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ / ၃၂၅ / ၃၄ အရ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။
 
#voiceofmyanmar #vom #ကသာ

Related posts

Leave a Comment

VOM News

FREE
VIEW