ဂန့်ဂေါ -ကလေး ကားလမ်းမှာ ဆောက်လုပ်ရေးကား မိုင်းမိလို့ လမ်းလုပ်သား ၅ ဦး ဒဏ်ရာရ

သြဂုတ် ၁၉ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
မကွေးတိုင်း ဂန့်ဂေါမြို့နယ် ဂန့်ဂေါ ကလေး ကားလမ်းမှာ ဆောက်လုပ်ရေးကား ၁ စီး မိုင်းမိပေါက်ကွဲခဲ့တဲ့အတွက် ကားပေါ်မှာ လိုက်ပါလာတဲ့ လမ်းလုပ်သားတွေ ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ လမ်းတံတားအဖွဲ့တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” ဖြစ်တဲ့နေရာက ၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်း မွှေ့လယ် နဲ့ နှမ်းခါး ရွာအကြား ရဲလှရွာခွဲ လမ်းနားလေးမှာဖြစ်တာပါ ၊ လမ်းဘေးထောင်ထားတဲ့ မိုင်းနင်းမိပြီး ပေါက်ကွဲတာကြောင့် ကားပေါ်မှာ လိုက်ပါလာတဲ့ လမ်းလုပ်သား ၁၈ ယောက်ထဲက အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၂ ယောက် ပေါင်း ၅ ယောက် ကတော့ မိုင်းစထိမှန်နဲ့ ဒဏ်ရာရတယ် “လို့ အလုပ်သမား အဖွဲ့ ခေါင်းဆောင်ဖြစ်သူက ပြောပါတယ်။
 
မုံရွာမြို့ကနေ ကလေးမြို့ဘက်ကို လမ်းတံတားတွေပြုပြင်ဖို့ အတွက် လမ်းလုပ်သား ၁ ဒါဇင်ခွဲ လိုက်ပါလာတဲ့ ဆောက်လုပ်ရေးကားဟာ မနေ့ သြဂုတ် ၁၈ နေ့ခင်းပိုင်းက ကလေးမြို့ဘက်ကို ဦးတည်မောင်းနေတဲ့အချိန် လမ်းဘေးမိုင်း ပေါက်ကွဲထိမှန်ပြီးနောက် တူမီးသေနတ်တွေနဲ့ပါ ဝိုင်းဝန်းပစ်ခတ်တာကို ခံခဲ့ရတယ်လို့ လုပ်သားတွေကပြောကြပါတယ်။
 
“ကျွန်တော်တို့အားလုံးက မြို့ရွာတွေနဲ့ ဝေးတဲ့နေရာတွေမှာ အလုပ်ကြမ်းလုပ်နေရတဲ့ လမ်းလုပ်သားတွေဖြစ်တယ် ၊ အခုလို တူမီးသေနတ်တွေနဲ့ ပစ်တဲ့ အဖွဲ့ကို ဘာအဖွဲ့လို့ ခေါ်မှန်း လည်း မသိဘူး ” လို့ အဲ့ဒီ ကားပေါ်မှာ ပါလာတဲ့ အလုပ်သမားခေါင်းက ပြောပါတယ်။
 
အဲ့ဒီ ဆောက်လုပ်ရေး လမ်းလုပ်သားတွေ လိုက်ပါလာတဲ့ကား တိုက်ခိုက်ခံရတဲ့နေရာဟာ ပြီးခဲ့တဲ့ ၂လ ကျော် ဇွန် ၁ ညနေခင်းက ဂန့်ဂေါမြို့ပေါ်ကနေ လစာထုတ်ပြန်လာတဲ့ ကျောင်းအုပ်ဆရာမ ၁ ယောက် ၊ သူနာပြုဆရာမ ၁ ယောက် နဲ့ ထွေ/ အုပ် ဝန်ထမ်း ၃ ယောက် စီးနင်းလိုက်ပါလာတဲ့ကားကို ပစ်ခတ်တိုက်ခိုက်တာခံရပြီး ကားပေါ်ပါ ဝန်ထမ်း ၅ ယောက်စလုံးနဲ့ ကားကိုပါ မီးရှိုးဖျက်စီးခဲ့တဲ့နေရာ ဝန်းကျင်ဖြစ်တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် အဲ့ဒီ ဂန့်ဂေါ ကလေး ကားလမ်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မီးငြိမ်သတ်ပြီးပြန်လာတဲ့ မီးသတ်ကား ၁ စီး မိုင်းခွဲတိုက်ခိုက်တာကို ခံရတဲ့အတွက် ယာဥ်ပေါ်ပါ မီးသတ်စက်တချို့နဲ့ ယာဥ်ပစ္စည်းတွေ ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။
 
#voiceofmyanmar #vom #ဂန့်ဂေါ-ကလေး

Related posts

Leave a Comment

VOM News

FREE
VIEW