ဆားလင်းကြီးမြို့နယ်က သတင်းထောက်ဟောင်း ကိုမိုးမင်းဦး ဖမ်းဆီးအရေးယူခံထားရ

သြဂုတ် ၊ ၂၄ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ်၊ ဂုဏ်တောကျေးရွာက DVB သတင်းဌာနရဲ့ CJ သတင်းထောက်ဟောင်း ကိုမိုးမင်းဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ဂုဏ်တောရွာခံတွေရဲ့ ဆက်သွယ်ပြောပြချက်အရ သိရပါတယ်။
 
” သူက ဂုဏ်တောရွာနဲ့ မုံရွာကို ကူးချီသန်းလဲ့ သွားလာနေတာဆိုတော့ ဘယ်နေ့က ဖမ်းခံရတယ်ဆိုတာ မသိရဘူး အဆက်အသွယ်ပြတ်နေတာကြာပြီ ၊ မနေ့က ညကြမှ သူဖမ်းခံထားရတယ် ၊ မုံရွာမှာ အမှုဖွင့်ခံထားရတယ်ဆိုတာ သိရတာ ” လို့ ဂုဏ်တောရွာခံ တစ်ယောက်က ပြောပါတယ်။
 
မုံရွာမြို့မရဲစခန်းမှာ အမှုဖွင့် အရေးယူခံထားရတဲ့ ကိုမိုးမင်းဦးဟာ ၂၀၁၂ / ၁၃ ကာလက လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နဲ့ စပယ်တောင် ကြေးနီစီမံကိန်း သတင်းတွေကို ရိုက်ကူးတင်ဆက်ခဲ့တဲ့ အလွတ်တန်း သတင်းသမားတစ်ယောက်ဖြစ်သလို မြန်မာနိုင်ငံဂျာနယ်လစ်ကွန်ရက်(MJN) မုံရွာရဲ့ အသင်းဝင်ဟောင်း တစ်ယောက်လည်းဖြစ်ပါတယ်။
 
အဲ့ဒီနောက် ဆားလင်းကြီးမြို့နယ်ထဲက ကြေးနီသတ္ထု ထုတ်လုပ်နေတဲ့ မြန်မာယံစီ ကုမ္မဏီရဲ့ ကျေးလက်ဖွံ့ဖြိုးရေးကိုယ်စားလှယ်တာဝန်ကို လုပ်ကိုင်နေတာဖြစ်ပါတယ်။
 
‌ ဖမ်းဆီးခြင်းကို ခံရပြီးနောက် မုံရွာမြို့မရဲစခန်း (ပ) ၂၁၃ / ၂၀၂၁၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ – က အရ အမှုဖွင့်အရေးယူခြင်းခံရတာ ဖြစ်ပါတယ်။
 
ကိုမိုးမင်းဦး ဖမ်းဆီးအရေးယူခံရတာနဲ့ ပတ်သက်လို့ မုံရွာမြို့မရဲစခန်းကို VOM က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းတစုံတရာ ပြန်လည်ပြောဆိုတာ မရှိပေမယ့် ရဲစခန်းနဲ့ နီးစပ်သူတချို့ကတော့ မနေ့ သြဂုတ် ၂၃ က အမှုဖွင့်တာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
 
၂၀၂၁ခုနှစ်ရဲ့ ၈ လတာ ကာလအတွင်း မုံရွာမြို့မရဲစခန်းမှာ သတင်းထောက်တွေနဲ့ပတ်သက်ပြီး သတင်းနယ်ပယ်သား ၅ ဦးထက်မနည်း အမှုဖွင့် အရေးယူခံခဲ့ရတယ်လို့လည်း သိရပါတယ်။
 
#voiceofmyanmar #VOM #မုံရွာ

Related posts

Leave a Comment

VOM News

FREE
VIEW