မုံးကိုးမှာ စစ်တပ်နဲ့ KIA, MNDAA ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ကတပ်ရင်းမှူး ၂ ဦးသေဆုံးခဲ့

ဩဂုတ် ၂၉-၂၀၂၁
Shy V(VOM)
 
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးမြို့နယ်၊ ကောင်းလုံမှာ မနေ့ဩဂုတ်လ ၂၈ရက်မနက်ပိုင်းက စစ်တပ်နဲ့ KIA, MNDAA တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က တပ်ရင်းမှူး ၂ ဦးအပါအဝင် အနည်းဆုံး ၄ ဦးကျဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေနဲ့ ကိုးကန့်သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
 
“မနေ့က မနက်ပိုင်းမှာတော့ စစ်ကောင်စီနဲ့ KIA ပဲ၊ ညနေပိုင်းတော့ MNDAA နဲ့ KIA ပူးပေါင်းတပ်၊ ကနေ့ ဩဂုတ်လ ၂၉ ရက် မနက်မှာတော့ စစ်တပ်တွေ ထမင်းစား‌နေတဲ့အချိန် ၄ နာရီခွဲ ဝန်းကျင် ဖြစ်မယ် MNDAA တွေက သွားပစ်တယ်။ ခုထိ ပစ်နေတုန်းပဲ။ မုံးကိုးမြို့နယ် ကောင်းလုံနဲ့ မန်ဆာကျေးရွာ နှစ်ရွာကြားက မန်ခွမ်ရွာမှာ။ မုံးကိုးကနေ ၅ မိုင်လောက်သွားရတယ်” လို့ နောက်ထပ် ‌အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ရှင်းပြပါတယ်။
 
မြန်မာ့အမျိုးသားတရားမျှတရေးပါတီ (MNTJP) နှင့်မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) တို့ ကိုဗစ်ရောဂါနဲ့ ပတ်သက်ပြီး ဟူဒေါင်ရွာမှာ အစည်းအဝေးလုပ်အပြီးတွင် တပ်မ ၉၉ က စစ်ကြောင်းထိုးလာပြီး နေ့လယ် ၁၂ နာရီအချိန်ခန့်ကစ Toshima ကျေးရွာနောက်ကျော တောင်မှာ ထိပ်တိုက်တိုက်ပွဲ ဖြစ်ပွားခဲ့ကာ မွန်းလွဲ ၃ နာရီခန့်အထိ ကြာခဲ့ကြောင်း ၊ အဲဒီတိုက်ပွဲမှာ မြန်မာစစ်သားအနည်းဆုံး(၄)ဦး သေဆုံးပြီး အခြားများစွာဒဏ်ရာရရှိခဲ့ကြောင်း ကိုးကန့် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
 
“သြဂုတ်လ ၂၈ ညနေ ၅:၃၀ ကနေ ည ၈:၄၅ ထိ မုံးကိုး ကောင်းလုံမှာ K.I.A နဲ့ MNDAA ပူးပေါင်းတပ်နဲ့ စစ်တပ်တို့ တိုက်ပွဲပြင်းထန်ခဲ့တယ်။ တပ်ရင်းမှူး နှစ်ဦး သေတယ်လို့ သိရတယ်။” လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။
 
KIA နဲ့ MNDAA ပူးပေါင်းတပ်တို့ သိမ်းဆည်းရမိတဲ့ လက်နက်တွေအရ စစ်တပ်ဘက်မှ တပ်ရင်း ၃ ခု တက်လာတဲ့အထဲက အမှတ် ၅၂၅ ခမရတပ်ရင်းက သေဆုံးသူ အများမပြား ရှိနိုင်တယ်လို့ သိရပါတယ်။
 
ဒီကိစ္စ နစကတပ်ပိုင်းဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်တာမတွေ့ရသေးသလို သီးခြားအတည်ပြုချက်ရဖို့ VOM က ဆက်သွယ်နေဆဲဖြစ်ပါတယ်။
 
ဩဂုတ် ၂၇ မှာတော့ မုံးကိုး ကောင်းလုံရွာအကျော်၊ နမ်ဟာ – မန်ခွမ် ကြားမှာ တပ်မဟာ ၄ ၊ ရင်း ၃၆ နဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါသေးတယ်။
 
နမ့်တောင်းအနီး မြန်ဒန်တောင်ကြောတလျှောက်မှာ ဩဂုတ်လ ၁၀ ရက်နေ့နောက်ပိုင်းကတည်းက ဩဂုတ်လ ၂၇ ရက်ထိ စစ်တပ်နဲ့ MNDAA တို့ နေ့တိုင်းနီးပါးတိုက်ပွဲဖြစ်တယ်လို့ နမ့်တောင်း ဒေသခံတစ်ဦးက ပြောပါတယ်။
 
ဩဂုတ်လ ၂၇ ရက် ညနေ ၃ နာရီဝန်းကျင်က နမ့်တောင်းနဲ့ မုံးပေါကြား ရှူဘုတ်ကောင်းခါး မှာ KIA နဲ့ စစ်တပ်တို့ မိနစ်အနည်းငယ် တိုက်ပွဲဖြစ်ပွားခဲ့သေးတယ် လို့ မုံးပေါ်ဒေသခံတစ်ဦးက ပြောပါတယ်။
 
မုံးကိုးဒေသမှာ ဇူလိုင်လဆန်းပိုင်းကစ MNDAA နဲ့ စစ်တပ်တို့အကြား တိုက်ပွဲ မကြာခဏ ဖြစ်ပွားခဲ့ပြီး ‌ဩဂုတ်လ ၂၈ ရက်နေ့မှာတော့ စစ်ကောင်စီနဲ့ KIA,MNDAA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။
 
တိုက်ပွဲကြောင့် မုံးကိုး ဖောင်းဆိုင်ဘက် စစ်ဘေးဒုက္ခသည် ၁၉၀ ကျော် ရှိပြီး ကြူကုတ် (ပန်ဆိုင်း) တရုတ်နယ်စပ် လယ်တောဘက် ၁၄၀၀ ကျော်နဲ့ မြို့ထဲမှာလည်း နီးစပ်ရာ အသိအိမ်တွေမှာ ယိခူးရွာကအိမ်ခြေ ၃၀ ခန့် ယာယီ တိုက်ပွဲရှောင်နေကြရတာ ဖြစ်ပါတယ်။
 
#voiceofmyanmar #VOM #မုံးကိုး

Related posts

Leave a Comment

VOM News

FREE
VIEW