ရေဦးမှာ မိုင်းထောင်တယ်ဆိုပြီး ပစ်ခတ်ဖမ်းခံရလို့ တစ်ဦးသေ တစ်ဦးဖမ်းခံရ

စက်တင်ဘာ ၅ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦး-တန့်ဆည်ကားလမ်း အင်တောကျေးရွာနဲ့ ပုဏ္ဏာကားကျေးရွာအကြား မူးဘောင်အနီး ကားလမ်းဘေးမှာ လူ ၃ဦးကို ရဲကားတွေနဲ့လာတဲ့အဖွဲ့က သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ် ။
 
” အင်တောရွာနဲ့ ပုဏ္ဏကားရွာအကြား မူးဘောင်အနီး ကားလမ်းဘက်ဘေးမှာ ဖြစ်တာပါ ၊ လူ ၃ ယောက်က ကားလမ်းဘေးမှာ ဆိုင်ကယ်ရပ်ထားပြီး မြေကျင်းတူးနေတဲ့အချိန် ရဲကားတွေလာတာနဲ့ ပက်ပင်းတိုးပြီး အဲ့ဒီ လူ ၃ ဦးက ထွက်ပြေးတဲ့အချိန် သေနတ်နဲ့ လှမ်းပစ်တယ်၊ ၂ ယောက်လွတ်သွားပြီး ၁ ယောက် အဖမ်းခံရတာကို မြင်တွေ့လိုက်ရတယ် ” လို့ လယ်ရေသွင်းပြီးပြန်လာချိန် အဲ့ဒီပစ်ခတ်မှုဖြစ်တဲ့နေရာဝန်းကျင်ကို ဖြန်သန်းသွားခဲ့သူတစ်ယောက်က ပြောပါတယ်။
 
ဒီမနက်အစောပိုင်းက ရေဦးမြို့နယ်၊ ချောင်းရိုးအုပ်စု၊ဖန်းခါးဇင်ကျေးရွာနေ မောင်ခိုင်ဇော် အသက် ၂၁ နှစ်ဆိုသူဟာ ကျည်ဆံထိမှန်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ ရုပ်အလောင်းကို မနေ့ညက ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာဝန်းကျင်မှာ တွေ့ရတာနဲ့ တိုက်ဆိုင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
အဲ့ဒီ အခြေအနေကို သိလိုတာကြောင့် တကစရုံးကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါ တာဝန်ရှိသူ တစ်ဦးက ” မနေ့ညက ရွှေဘိုခရိုင်ရဲတပ်ဖွဲ့မှူးနဲ့အဖွဲ့ဟာ တန့်ဆည်ဘက်ကနေ နယ်မြေရှင်းလင်းရေး လှည့်ကင်းထွက်လာတဲ့အခါ အင်တောရွာနဲ့ ပုဏ္ဏာကားရွာအကြား မူးဘောင်အနီးကားလမ်းရဲ့ယာဘက်၊ ကားနဲ့ မြေသားလမ်းအကြားကို လူ ၃ ယောက်က ဆိုင်ကယ်ရပ်ပြီး သံတူးရွင်းတစ်ချောင်းနဲ့ မြေကျင်းတူးနေတာကို တွေ့ရတယ် ၊ စစ်ဆေးမေးမြန်းဖို့ လုပ်တဲ့အချိန်မှာ အဲ့ဒီ လူ ၃ ယောက်က ထွက်ပြေးတယ် ၊ ဒါနဲ့ သေနတ် ၁ ချက်ခြောက်လှန့်ပစ်ခတ်တယ် ၊ ထွက်ပြေးသွားတဲ့ မူးဘောင်းတဖက်ကမ်းကို ကူးပြေးသွားကြတာ ၊ အဲ့ဒီ အထဲက လူ ၁ ယောက်ကို ဖောက်ခွဲရေး ပစ္စည်းတွေနဲ့အတူ အရှင်ဖမ်းမိထားတယ် ” လို့ ဖြေကြားပြောပါတယ်။
 
ဒါ့အပြင် ဖမ်းမိတဲ့လူဆီက မြေကျင်းတူးရာမှာ အသုံးပြုတဲ့ သံတူရွင်း ၁ ချောင်း ၊ ဝါယာကြိုးခွေ ၁ ထုပ်နဲ့ ထမင်းပေါင်းအိုးအတွင်း တပ်ဆင်ပြုလုပ်ထားတဲ့ မိုင်း ၁ လုံးကို သိမ်းဆည်းရမိတယ်လို့ ဆက်လက်ပြောပါတယ်။
 
အဲ့ဒီ ပစ်ခတ်မှုမှာ ကျည်ထိမှန်သူ သေဆုံးတယ်၊မသေဆုံးဘူးဆိုတာ ထည့်သွင်းဖြေကြားတာ မရှိတဲ့အတွက် ဖန်းခါးဇင်ရွာက မောင်ခိုင်ဇော် ကျည်ဆံထိမှန် သေဆုံးခြင်းဟာ အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ခြင်း ရှိတယ်၊မရှိဘူးဆိုတာ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
 
ပြီးခဲ့တဲ့ ဇူလိုင်လကလည်း ရေဦးနဲ့ ခင်ဦးသွား ကားလမ်းဘေးမှာ မြေကျင်းတူးနေတဲ့ လူငယ်တစ်စု အခုလို ရဲကားတွေနဲ့ ပက်ပင်းတိုးပြီး ဖမ်းခံရတဲ့ ဖြစ်စဥ်တစ်ခု ခင်ဦးမြို့နယ်ထဲမှာ ဖြစ်ခဲ့ပါသေးတယ်။
 
#voiceofmyanmar #VOM #ရေဦး

Related posts

Leave a Comment

VOM News

FREE
VIEW