နဘား စစ်ဆေးဂိတ်တာဝန်ကျ ယာဥ်ထိန်းရဲတွေ သေနတ်နဲ့ပစ်ခံရလို့ ဒုရဲအုပ် ၁ ဦး သေဆုံး၊၁ ဦး ပျောက်ဆုံးနေ

စက်တင်ဘာ ၊၉ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း၊ ကသာခရိုင် ၊ အင်းတော်မြို့နယ် ၊ နဘားပူးပေါင်းစစ်ဆေးဂိတ်မှာ တာဝန်ထမ်းဆောင်ပြီး ကသာ ယာဥ်ထိန်းစခန်းကို ပြန်လာတာတဲ့ ယာဥ်ထိန်းရဲ ၃ ဦးဟာ မနေ့ စက်တင်ဘာ ၈ ရက် ည ၇ နာရီဝန်းကျင်က လမ်းမှာ သေနတ်နဲ့ပစ်ခံရတဲ့အတွက် ၁ ဦးသေဆုံးပြီး ၊ ၁ ဦးပျောက်ဆုံးကာ ၁ ဦးလွတ်မြောက်လာတယ်လို့ ကသာမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
 
” ဖြစ်တာက ကသာမြို့ရဲ့ အနောက်မြောက်ဘက် ၅ မိုင်လောက်ဝေးတဲ့ မံစီလမ်းခွဲနေရာမှာ ၊ ဖြစ်တဲအချိန်က ညနေ ၆ နာရီခွဲနဲ့ ၇ နာရီ အကြား ဖြစ်တယ် ” လို့ ထွက်ပြေးလွတ်မြောက်လာတဲ့ ယာဥ်ထိန်းရဲရဲ့ မိတ်ဆွေ တစ်ယောက်က ပြောပါတယ်။
 
အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်ပြီး ကသာခရိုင်ရဲတပ်ဖွဲ့က ” နဘားဂိတ်က တာဝန်ပြီးဆုံးလို့ ကသာယာဥ်ထိန်းတပ်ဖွဲ့စုကို ပြန်လာခဲ့တဲ့ ယာဥ်ထိန်းတပ်ဖွဲ့ဝင် ၃ ဦး စီးလာတဲ့ ဆိုင်ကယ်ကို အမည်မသိ လူ ၄ ယောက်က သေနတ်ပစ်ဖောက်ပြီး တားတယ် ၊ ရဲတပ်သား ဝေယံဖြိုးကတော့ ဆိုင်ကယ်ကိုမရပ်ဘဲ မောင်းနှင်းထွက်ပြေးလာတာကြောင့် သူကလွတ်မြောက်လာပြီး ၊ ဒုရဲအုပ် သန်မျိုးဆွေနဲ့ ရဲတပ်သား မျိုးမြင့်အောင်တို့ ၂ ယောက်က ကျန်ခဲ့တယ်”လို့ ပြောပါတယ်။
 
ဒါ့အပြင် အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဒီမနက်ပိုင်းက နောက်ဆုံးသိရတဲ့ အခြေအနေဟာ အမည်မသိ လူ ၄ ယောက်ရဲ့ ဖမ်းဆီးခြင်းကိုခံလိုက်ရတဲ့ ယာဥ်ထိန်းရဲ ၂ ဦးအနက် ဒုရဲအုပ် သန်းမျိုးဆွေဟာ ကျည်ဆံဖောက်ဝင် ဒဏ်ရာနဲ့ သေဆုံးနေတာကို ပြန်လည်တွေ့ရပြီး ရဲတပ်သား မျိုးမြင့်အောင်ကတော့ ဆက်သွယ်မရ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ ၃ လဝန်းကျင်က ချင်းပြည်နယ်၊ ဟားခါးမြို့မှာ တာဝန်ထမ်းဆောင်နေတဲ့ ယာဥ်ထိန်းရဲတပ်ဖွဲ့က ပြည်နယ်တာဝန်ခံ ရဲမှူး အဆင့်ရှိသူ ၁ ဦး အပါအဝင် ယာဥ်ထိန်းရဲ ၃ ဦးနဲ့ အရပ်သား ၁ ဦးတို့လည်း အခုလိုမျိုး ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံရပြီး ဒီကနေ့အချိန်ထိ အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးနေတဲ့ဖြစ်စဉ်လည်း ရှိခဲ့ပါသေးတယ်။
 
ပုံစာ -စစ်ကိုင်းတိုင်းက ယာဥ်ထိန်းရဲတွေရဲ့ မြင်ကွင်း
#voiceofmyanmar #VOM #နဘား

Related posts

Leave a Comment

VOM News

FREE
VIEW