မုံရွာမြို့မှာ ယာဥ်ထိန်းရဲ (၁)ဦး သေနတ်နဲ့ပစ်သတ်ခံရ

စက်တင်ဘာ ၊ ၂၂ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အောင်မဂ်လာရပ်ကွက် ၊ ပြည်ထောင်စုလမ်းနဲ့ မြို့ပတ်လမ်းဆုံ၊ ထန်းတောမီးပွိုင့်မှာ လမ်းကြောင်းရှင်းပေးနေတဲ့ ယာဥ်ထိန်းရဲတစ်ဦး ဒီကနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်က သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ထန်းတောရပ်ကွက်ခံတွေဆီက သိရပါတယ်။
 
” သေနတ်မှန်တဲ့ ယာဥ်ထိန်းရဲ့ ယူနီဖောင်းအင်္ကျီပေါ်မှာ ရေးထားတဲ့ နံပါတ်က 3132 ဖြစ်တယ် ခေါင်းကို ကျည်ထိတာပါ ၊ အလုံစစ်ဆေးရုံကိုပို့နေတုန်း သေသွားတာ ” လို့ စေတနာ့ဝန်ထမ်းတယောက်က ပြောပါတယ်။
 
ယာဥ်ထိန်းရဲဟာ မုံရွာ ယာဥ်ထိန်းတပ်ဖွဲ့စု အမှတ်-၁၁၄ မှာ တာဝန်ထမ်းဆောင်နေသူဖြစ်တယ်လို့ သိရပါတယ်။
 
” အရင်ရက်တွေက ယာဥ်ထိန်းတွေ လမ်းကြောင်းပေါ်နဲ့ မီးပွိုင့်တွေမှာ မမြင်ရဘူး ၊ ဒီနေ့မှ မြင်ရလို့မေးကြည့်တဲ့အခါ လူကြီးလမ်းကြောင်း ရဲချုပ်လာမှာမို့ဆိုပြီး သူတို့ပြောတယ် “လို့ သာစည်လမ်း မီးပွိုင့်နားမှာနေသူတယောက်က ပြောပါတယ်။
 
ဒါ့အပြင် ဒီကနေ့မနက် အစောပိုင်းက မုံရွာမှာရှိတဲ့ ရဲစခန်းနဲ့ ရဲရုံးတွေဟာ သန့်ရှင်းရေးလုပ်ကိုင်တာတွေရှိပြီး အခါတိုင်းနေ့တွေကထက် မြို့လုံခြုံရေးကို ပိုမိုတင်းကြပ်စွာ ချထားတာဟာ ပြည်ထဲရေး ဒုဝန်ကြီးလည်းဖြစ် ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်လည်းဖြစ်သူ လာမှာဖြစ်တဲ့အတွက် ပြင်ဆင်ထားတာဖြစ်တယ်လို့ ရဲအသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေရံပြောပြချက်အရ သိရပါတယ်။
 
ဒီကနေ့ မုံရွာမြို့ကို ပြည်ထဲရေး ဒုဝန်ကြီး၊ ရဲချုပ် လာမယ်၊မလာဘူးဆိုတဲ့သတင်းနဲ့ပတ်သက်ပြီး VOM က အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
 
ဒါ့အပြင် မုံရွာမြို့မိ မြို့ဖ တစ်ယောက်က” ယာဥ်ထိန်းတွေဟာ ယာဥ်တိုက်မှု မဖြစ်ဖို့ ကူညီပေးနေရတဲ့ လက်နက်မဲ့ ရဲဝန်ထမ်းတွေဖြစ်ကြတယ် ၊ လူကြီး လမ်းကြောင်း ရှိရှိ၊မရှိရှိ လမ်းကြောင်းရှင်းပေးရမယ့် တာဝန်က သူတို့ပဲ “လို့ ပြောတယ်။
 
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ကသာမြို့မှာ အခြေစိုက်တဲ့ ယာဥ်ထိန်းရဲ ၃ ဦးဟာ နဘားစုပေါင်းဂိတ်က တာဝန်ပြီးလို့ ကသာကို ပြန်လာတဲ့လမ်းမှာ သေနတ်နဲ့ပစ်ခံရတာကြောင့် အရာရှိ ၁ ဦးနဲ့ ကျန် ၁ ဦး သေဆုံးခဲ့ပြီး ကျန်တဲ့ ၁ ဦးကတော့ ထွက်ပြေးလွတ်မြောက်လာခဲ့လို့ အသက်သေဆုံးခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။
 
စစ်ကိုင်းတိုင်းနဲ့ ထိစပ်နေတဲ့ ချင်းပြည်နယ်မှာလည်း ယာဥ်ထိန်းရဲမှူး အပါအဝင် ယာဥ်ထိန်းရဲအရာရှိ ၃ ဦးနဲ့ အရပ်သား ၁ ဦးဟာ ပြီးခဲ့တဲ့ ဇူလိုင်လထဲက ဟားခါးမြို့ပေါ်မှာ သွားလာနေရင်း အမည်မသိ အဖွဲ့က ဖမ်းဆီးခဲ့ပြီး အရပ်သား ၁ ယောက်သာ ပြန်လွတ်လာကာ ကျန် ယာဥ်ထိန်းရဲ အရာရှိ ၃ ယောက်ကတော့ ပျောက်ဆုံးနေတဲ့ဖြစ်စဉ်လည်း ဖြစ်ခဲ့ပါတယ်။
 
#voiceofmyanmar #VOM #မုံရွာ #ယာဉ်ထိန်းရဲ #ပစ်သတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW