စစ်ကိုင်းတိုင်းမှာ သံဃာတချို့ ပျောက်ဆုံး၊ သတ်ဖြတ်ခံရတဲ့ အရေအတွက် မြင့်တက်လာ

စက်တင်ဘာ ၊ ၂၅ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်းက မြို့နယ် ၃၇ ခုမှာ ဝါတွင်းကာလ ဝါဆိုနေကြတဲ့ ရဟန်းသံဃာတွေထဲက ဝါဆို သံဃာတချို့ အဆက်အသွယ်မရဖြစ်ကာ ပျောက်ဆုံးနေတယ်လို့ စစ်ကိုင်းတိုင်း ဗုဒ္ဓသာဝက ဝေယျဝစ္စ
အကျိုးဆောင် လူငယ်များရဲ့ ပြောပြချက်အရ သိရပါတယ်။
 
အဲ့ဒီလို ဆက်သွယ်မရ ပျောက်ဆုံးနေတဲ့ သံဃာ အရေအတွက်ဟာ အခုနှစ် ဝါတွင်းကာလမှာ ၁၂ ပါး အထက်ရှိနေပြီး ၊ ဝါမဆိုမီကာလက ပျောက်ဆုံနေတဲ့ သံဃာအရေအတွက်နဲ့ စုပေါင်းမယ်ဆိုပါက သံဃာ ၃၀ နီးပါး ပျောက်ဆုံးနေတာ ဖြစ်တယ်လို့ အဲ့ဒီ ဗုဒ္ဓသာဝက အကျိုးတော်ဆောင် လူငယ်များရဲ့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
 
” အခု စက်တင်ဘာလ ထဲမှာ ဝါဆိုသံဃာတချို့ပျောက်ဆုံနေတာ ခရိုင်အားဖြင့် ၄ ခရိုင် ၊ မြို့နယ်အားဖြင့် ၉ မြို့နယ်ထဲက ရွာကျောင်းတွေမှာဖြစ်တယ် ” လို့ ဗုဒ္ဓဝေယျဝစ္စ အကျိုးဆောင် လူငယ်တစ်ယောက်က ပြောပါတယ်။
 
ဒီရက်ပိုင်းမှာ ယင်းမာပင်ခရိုင် ၊ ယင်းမာပင်မြို့နယ်ရဲ့ အနောက်ဘက် အလောင်းတော်ကဿပ ဘုရားဖူးသွားကားလမ်းဘက်က ဆုံရွာမှာ ယဥ်ကျေးလိမ္မာ လူငယ် ပရဟိတ စာသင်ကြားပေးနေတဲ့ ဆရာတော် အသျှင် ဝိဇ္ဇာ နန္ဒ (B.A)အပါအဝင် ဝါဆိုသံဃာ ၃ ပါးနဲ့ အသက်ကြီး လူပုဂ္ဂိုလ် ၂ ယောက် ဟာ အခုလ ၁၈ ရက်က ယင်းမာပင်မြို့ကနေ ဆုံရွာကို အပြန် လမ်းမှာ ပျောက်ဆုံးခဲ့ပြီး အဆက်သွယ်မရ ဖြစ်နေတယ်လို့သိရပါတယ်။
 
ဒါ့အပြင် အခုလ ၆ ရက်နေ့ ညနေပိုင်းက ယင်းမာပင်ခရိုင် ကနီမြို့နယ် ၊ မုဌောကျေးရွာအုပ်စု ၊ မုဌောကျေးရွာက ဘုန်းကြီး ၁ ပါး အပါအဝင် လူ ၅ ယောက်ဟာ
မုံရွာမြို့ကနေ ဆေးကုပြီး ရွာကိုပြန်အလာ လမ်းမှာ ပျောက်ဆုံးနေခဲ့တဲ့ ဖြစ်စဥ်လည်း ဖြစ်ခဲ့ပါသေးတယ်။
 
အဲ့ဒီ ကနီနယ်က ဝါဆိုသံဃာ ၁ ပါးနဲ့ လူပုဂ္ဂိုလ် ၄ ယောက် ပျောက်ဆုံးနေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကနီနယ်ခံ တစ်ယောက်ပြောတာက
 
” မုံရွာက ဆေးကုပြန်လာတဲ့ ဘုန်းကြီးနဲ့ လူတွေကို ကနီမြို့နယ် ချောင်းမကျေးရွာအုပ်စု သင့်ဝင်ရွာအနီး ချောင်းမ ကနီ ကားလမ်းနေရာမှာ ပျောက်သွားတာဖြစ်တယ် ၊ ပျောက်ဆုံးနေတဲ့သူတွေကဦးဇင်း ဦးကေလာ ၊ဦးခင်မောင်တင့် ၊ ဦးခင်မောင်လွင် ၊ ကိုချစ်ဝိုင်း နဲ့ ကားမောင်းတဲ့သူ ဂျစ်တူး ဆိုတဲ့ လူ ၅ ယောက် ” လို့ ဖြစ်ပါတယ်။
 
ကနီမြို့နယ်မှာ ဘုန်းကြီးတွေနဲ့ လူပုဂ္ဂိုလ်တွေ အခုလို ပျောက်တဲ့အရေအတွက် ၅ ကြိမ်ထက်မနည်း ရှိခဲ့ပြီး ပြီခဲ့တဲ့ မေလက ကနီမြို့နယ် မုဌောရွာ ဘုန်းကြီးကျောင်းမှာ မကြာခဏ ကြွရောက်လာလေ့ရှိတဲ့ ပန်းဆိုင်းရွာက ဘုန်းကြီး ၁ ပါးဟာ အမည်မသိ လူတစုရဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်းကိုခံရပြီးနောက် ချင်းတွင်းမြစ် တဖက်ကမ်းမှာ ဒဏ်ရာများစွာနဲ့ ပျံတော်မူနေတာကို ပြန်လည်တွေ့ခဲ့ရပါတယ်။
 
ပြီးခဲ့တဲ့ ဇူလိုင်လထဲက မင်းကင်းနယ်ကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း မုံရွာဘက်ကို စက်လှေ ၁ စီး ဘုန်းကြီး ၁ ပါး လူ ၃ ယောက်ပါတဲ့ မိသားစုဟာ ကနီနယ် နတ်ရွာအနီးမှာ ယနေ့အထိ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
 
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မင်းကင်းမြို့နယ် မောက္ကတော်တိုက်နယ်ထဲက လောင်းပြည့်ရွာနားက ကျောင်းထိုင်ဆရာတော် ၁ ပါး ကျောင်းထဲမှာတင် သေနတ်နဲ့ ပစ်သတ်ခံရလို့ ပျံတော်မူခဲ့တယ်လို့ သိရပါတယ်။
 
အဲ့ဒီလို ဝါတွင်းကာလ မတိုင်မီနဲ့ ဝါတွင်းကာလမှာ ဒီကနေ့အထိ ဆက်သွယ်မရ ပျောက်ဆုံးနေဆဲ သံဃာ အရေအတွက်နဲ့ သတ်ဖြတ်ခံရတဲ့ အရေအတွက်ဟာ မြင့်တက်လာနေတာဖြစ်ပြီး ယင်းမာပင်ခရိုင် ၊ ကနီ ၊ ပုလဲ ၊ ယင်းမာပင် ၊ ကလေးခရိုင် ၊ မင်းကင်းနယ်နဲ့ ကလေးမြို့နယ် တောင်ပိုင်းက ရွာကျောင်းတချို့ အပါအဝင် ၊ ကောလင်းခရိုင် ၊ ဝန်းသို ၊ ပင်လည်ဘူး ၊ ကောလင်း ၊ ရွှေဘိုခရိုင် ထဲက ဝက်လက် ၊ တန့်ဆည် ဒီပဲယင်း ၊ စိုင်ပြင် နဲ့ စစ်ကိုင်းခရိုင်ထဲက မြောင်မြို့နယ်ဘက်တွေက ရွာကျောင်းတချို့မှာ အဲ့ဒီလိုတွေ ဖြစ်နေတာလို့ သိရပါတယ်။
 
ဒါ့အပြင် အခုလ ၂၁ ရက် မနက်အစောပိုင်း ၃ နာရီဝန်းကျင်က ကောလင်းခရိုင် ဝန်းသိုမြို့နယ် အလယ်ခုံကျေးရွာ အလယ်ခုံရွာကျောင်း ဆရာတော်ဟာ ဘဒ္ဒန္တ တေဇိန္တ အသက်တော် ၄၈ နှစ် ၊ ဝါတော် ၂၇ ဝါဟာ ကျောင်းထဲမှာ ကျိန်းနေချိန် ဓားနဲ့ထိုးခံရပြီးနောက် ဆေးရုံမှာ ဆေကုသခံရင်း အဲ့ဒီနေ့က နေ့ခင်းပိုင်းမှာ ပျံတော်မူးခဲ့တယ်လို့ သိရပါတယ်။
 
စစ်ကိုင်းတိုင်ထဲက သံဃာတော်တချို့ အခုလို ပျောက်ဆုံးနေတာနဲ့ သတ်ဖြတ်ခံရတာ ဟာ ဘာကြောင့်ဖြစ်တယ် ၊ ဘယ်သူတွေက ဖမ်းဆီး သတ်ဖြတ်တယ်ဆိုတာ VOM အနေနဲ့ သီးခြား သတင်းအတည်ပြုပေးနိုင်တာမရှိသေးပဲ ပျောက်ဆုံးတာ မှန်ကန်ကြောင်းပဲ သတင်းရရှိပါတယ်။
 
#voiceofmyanmar #VOM #စစ်ကိုင်းတိုင်းကသံဃာတော်တွေပျောက်ဆုံးမှု
 
ပုံစာ ၊ဝန်းသိုမြို့နယ် အလယ်ခုံ ဆရာတော်

Related posts

Leave a Comment

VOM News

FREE
VIEW