ထီးချိုင့်နယ်ထဲမှာ နယ်မြေရဲကင်းစခန်းတွေ နှစ်ညဆက်တိုက် မီးရှို့ခံရ

အောက်တိုဘာ ၅ -၂၀၂၁
ရွှေဘုန်းမြတ်စံ ( VOM)
 
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်ထဲမှာရှိတဲ့ နယ်မြေရဲကင်းစခန်းနဲ့ လှုပ်ရှားရဲကင်းစခန်းကို အခုလ အောက်တိုဘာ ၃ ရက် နဲ့ ၄ ရက်နေ့ ညပိုင်းတွေမှာ နှစ်ည ဆက်တိုက် မီးရှို့ခံရတယ်လို့ ထီးချိုင့်မြို့ခံတွေက ပြောပါတယ်။
 
” ၃ ရက်ညက အလယ်တော နယ်မြေရဲကင်းစခန်း မီးရှို့ခံရတယ် ၊ မနေ့ညကတော့ ကမ်းနီ လှုပ်ရှားရဲကင်းစခန်း ထပ်ပြီး မီးရှို့ခံရတာ “လို့ ဒေသခံတယောက်က ပြောပါတယ်။
 
အလယ်တော နယ်မြေရဲကင်းစခန်း မီးရှို့ခံရတာနဲ့ ပတ်သက်လို့ ဒေသဆိုင်ရာ အရန်မီးသတ်တွေရဲ့ မှတ်တမ်းအရ အချုပ်ခန်းနဲ့တွဲထားတဲ့ စခန်းရုံး ၁ခု ၊ လူပျိုဆောင် ဘားတိုက် အဆောက်အဦး ၁ လုံး ၊ ၂ ယူနစ် ၂ ခန်းတွဲ အဆောက်အဦး ၁ လုံး နဲ့ ရဲကင်းအတွင်းက အဆောက်အဦးအချို့ မီးလောင်သွားခဲ့တယ်လို့ သိရပါတယ်။
 
” ပျက်စီးဆုံးရှုံးမှု ခန့်မှန်း တန်ဘိုး သိန်းပေါင်း ၃၆၀ ကျပ် ဖြစ်မယ် “လို့ ထီးချိုင့် မီးသတ်ဦးစီးဌာန တာဝန်ရှိသူတယောက်က ပြောပါတယ်။
 
ဒါ့အပြင် မနေ့ အောက်တိုဘာ ၄ ရက် ညပိုင်းကလည်း ထီးချိုင့်မြို့နယ်၊ ကမ်းနီ လှုပ်ရှားရဲကင်းစခန်း တခု ထပ်မံ မီးရှို့ခံရတာကြောင့် အခုလ ၃ ရက်ညနဲ့ ၄ ရက်ည ၊ နှစ်ညဆက်တိုက် ရဲကင်းစခန်းတွေ မီးရှို့ခံရတာ ဖြစ်ပါတယ်။
 
” မီးရှို့ဖျက်စီးခံရတဲ့ ရဲကင်းစခန်းတွေဟာ လူနေထိုင်တာတွေ မရှိဘူး ၊ တပ်ရုတ်ထားတဲ့ စခန်းတွေဖြစ်တယ် “လို့ ကသာခရိုင်ရဲတပ်ဖွဲ့ရုံးတာဝန်ကျ ရဲတယောက်က ပြောပါတယ်။
 
ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရွာ မုံရွာ-ပုလဲ ဂ-န့်ဂေါ ကားလမ်းဘေးက ကန့်ဒေါင့်ရဲကင်းစခန်းလည်း မီးရှို့ခံရတဲ့ဖြစ်စဉ် ဖြစ်ခဲ့ပါသေးတယ်။
 
ဒါ့အပြင် မြောင်မြို့နယ် ၊ ကျောက်ရစ်နယ်မြေထဲက လှုပ်ရှားရဲကင်းစခန်းတခု မီးရှို့ခံရတာ အပါအဝင် ၊ ကောလင်းနယ် ၊ ကသာနယ်ထဲက ရဲကင်းစခန်းတချို့လည်း ပြီးခဲ့ ဇွန်၊ ဇူလိုင် လထဲက မီးရှို့ခံရတာတွေ ဖြစ်ခဲ့ပါတယ်။
 
အခုနှစ် ဖေဖော်ဝါရီလကစလို့ ရဲစခန်း (၁၁)ခု နဲ့ ရဲကင်း (၄၆)ခု မီးရှို့ခံရတယ်လို့ နစက ရဲ့ မှတ်တမ်းတွေမှာ ဖော်ပြထားပါသေးတယ်။
 
ပုံစာ – အလယ်တောရဲစခန်း ဆိုင်းဘုတ် ပျက်စီးနေပုံ
#voiceofmyanmar #VOM #ထီးချိုင့် #ရဲကင်းစခန်းတွေ #မီးရှို့ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW