ပရဟိတအသင်းတွေဟာ စက်သုံးဆီစျေးမြင့်တက်နေချိန် အလှူရှင်နည်းပါးတာကြောင့် အကြပ်အတည်းကြားကနေ လုပ်ကိုင်နေရ

အောက်တိုဘာ ၇ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
စစ်ကိုင်းတိုင်း၊ ၃၇ မြို့နယ်က ပရဟိတလုပ်ငန်းတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာ နောက်ဆုံးပတ်က စလို့ ဒီကနေ့အချိန်ထိ စက်သုံးဆီစျေးနှုန်းမြင့်နေတဲ့ကာလမှာ အလှုရှင်တွေနည်းပါးလာတဲ့အတွက် ပရဟိတလုပ်ငန်းတွေကို အကြပ်အတည်းကြားကနေ မဖြစ်မနေ လုပ်ကိုင်နေကြရတယ်လို့ စေတနာ့ဝန်ထမ်းတွေက ပြောပါတယ်။
 
အဲ့ဒီလို အကြပ်အတည်းကြားကနေ မဖြစ်မနေ လုပ်ကိုင်ပေးနေရတဲ့ ပရဟိတလုပ်ငန်းတွေကတော့ နာမှုကူညီရေးလုပ်ငန်းတွေ ၊ လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ ဥပုသ်နေ့တိုင်း အမှိုက်သိမ်းပေးနေတဲ့ လုပ်ငန်းတွေ ပါဝင်နေတယ်လို့ သိရပါတယ်။
 
” ပျမ်းမျှ ၁ ရက်ကို လမ်းကြောင်း ၅ ခု အနည်းဆုံး ထွက်ရတယ် ၊ လမ်းကြောင်း ၁ ခုကို အုပ်ချုပ်မှုယာဥ် အပါအဝင် ကား ၂ စီး သုံးရတယ် ၊ ကယ်ဆယ်ရေး လုပ်ငန်းလမ်းကြောင်းဆို ကား ၃ စီးကနေ ၅ စီး အထိ သုံးရတာမျိုးလည်း ရှိတယ်၊ လမ်းကြောင်း ၁ ခုရဲ့ လော်ကယ်တွင်း ကုန်ကျစရိတ်ဟာ ဆီဖိုး အပါအဝင် ၅ သောင်းအထက်မှာ ရှိတယ် ၊ မန္တလေး နဲ့ တခြားဒေသတွေကို လူနာတို့၊ DB(ရုပ်အလောင်း)တို့ ပို့ရတယ်ဆိုရင် ကုန်ကျစရိတ်က ၁ သိန်း အောက်ခံကုန်တယ် ၊ အရင်က ကိုဗစ်ကာလတွေမှာ ၁ နေ့ကို လမ်းကြောင်း ဒါဇင်နဲ့ ချီပြီး ရှိခဲ့ပေမယ့် အခက်အခဲနဲ့ ကုန်ကြစရိတ်တွေဟာ အကြပ်အတည်းဆိုတာ မရှိခဲ့ဘူး ၊ အခုကြတော့ ဆီစျေးနှုန်းက မြင့်တက် ၊ ကုန်စျေးနှုန်းကကြီး အလှူရှင်တွေက နည်းပါးလာတဲ့အတွက် အကြပ်အတည်းကြားက မဖြစ်မနေ ဝန်ဆောင်မှုပေးနေရတာ ” လို့ မုံရွာမြို့ခံ အခမဲ့ဝန်ဆောင်မှုပေးနေတဲ့ လူမှုကူညီရေး အသင်း တာဝန်ရှိသူတွေက ပြောပါတယ်။
 
အဲ့ဒီလို စက်သုံးဆီစျေးမြင့်တက်နေတဲ့ကာလမှာ အကြပ်အတည်း အခက်အခဲတွေကြားက မဖြစ်မနေ အခမဲ့ ဝန်ဆောင်မှုပေးနေတဲ့ ပရဟိတအသင်းတွေကတော့ မုံရွာ လူမှုကယ်ဆယ်ရေးအဖွဲ့ ၊ ဒေဝကတိ ၊ ကရုဏာမြင့်မိုရ် ၊ သုခဟိတ ၊ ရုံးကြီးလူငယ် ၊ ရွှေဒေါန ၊ မဟာလယ်တီ ၊ ရွှေနှလုံးသား စတဲ့ နာမှုကူညီရေးအသင်းနဲ့ လူမှုကူညီရေးအသင်းတွေ ပါဝင်နေတာဖြစ်တယ်လို့ သိရပါတယ်။
 
” အသင်းလုပ်ငန်းတွေ ရေရှည်ရပ်တည်နိုင်ဖို့အတွက် ဥပုသ်နေ့ ညနေပိုင်းတိုင်း ရပ်ကွက်တွေထဲ အလှူခံ ပုံမှန်ထွက်တယ် ၊ ၁ ပတ် ၁ ခါ အလှူခံလို့ရတဲ့ ပိုက်ဆံဟာ အသင်းကုန်ကြစရိတ်အတွက် အရင်က လောက်ငှတယ် ၊ အခုဟာ အစစအရာရာ စျေးနှုန်းတွေ မြင့်တက်နေတော့ ဥပုသ် ၁ ပတ်မှာ အလှူခံလို့ရတဲ့ ပိုက်ဆံဟာ လမ်းကြောင်း ၄၊၅ ကြောင်းထွက်တာနဲ့ ကုန်တယ် ၊ ဒါတောင် မလောက်ဘူး ၊ လမ်းကြောင်းက ပုံမှန် မဟုတ်ပေမယ့် ပျမ်းမျှ ၁ နေ့ကို ၃ ကြောင်းနဲ့ ၅ ကြောင်း အကြား ရှိတယ် “လို့ သုခဟိတ အခမဲ့လူမှုကူညီရေးအသင်း တာဝန်ရှိသူတယောက်က ပြောပါတယ်။
 
အရင်က မုံရွာမြို့ပေါ်ကို ဆေးကုဖို့လာတဲ့ လူနာတွေဟာ သူတို့ သက်ဆိုင်ရာရွာတွေက လူမှုကူညီရေးကားတွေနဲ့ အသွားအပြန်လုပ်ကြတာဖြစ်ပေမယ့် အခုတလော လိုင်စင်မဲ့ကားတွေ ဖမ်းမယ်ဆိုတဲ့ သတင်းတွေကြောင့် မုံရွာမြို့ပေါ်ကို မလာရဲတဲ့အတွက် ဆေးရုံးဆင်းလူနာတွေနဲ့ ဆေးကုရင်းသေတဲ့သူတွေကို မုံရွာမြို့ခံ လူမှုကူညီရေးအသင်းတွေ နဲ့ နာမှုကူညီရေးအသင်းတွေက သူတို့ရဲ့ရွာတွေဆီကို ပြန်လည်ပို့ဆောင် ကူညီပေးနေရတာဖြစ်ပါတယ်။
 
” အခုအခြေအနေက နယ်တွေကိုသွားလာဖို့က အရမ်းခက်ခဲတယ် ၊ ဘယ်ကိုပဲသွားသွား လမ်းကြောင်းတိုင်းမှာ အစစ်အဆေးတွေရှိတယ် ၊ အသင်းက စေတနာ့ဝန်ထမ်း ကလေးတွေက မသွားရဲကြဘူး ၊ နယ်က လူနာရှင်တွေ ရင်ဆိုင်နေရတဲ့ အခက်အခဲက ကိုယ်တွေ့နေရတဲ့ ဒုက္ခတွေထက် သူတို့တွေ့နေရတဲ့ ဒုက္ခတွေက ပိုများတယ်လို့ အသင်းက ကလေးတွေကို အမြဲတမ်း အားပေးစကားပြောပြီး ကူညီခိုင်းရတာ ” လို့ စေတနာ့ဝန်ထမ်းတယောက်က ပြောပါတယ်။
 
ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲက မုံရွာမြို့ပေါ်က ပရဟိတ လူမှုကူညီရေးအသင်း ၃ ခုက စေတနာ့ဝန်ထမ်း လူ ၂၀ ကျော် ၁ ပတ်ကြာ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက်ပိုက်း စေတနာ့ဝန်ထမ်း လူငယ်အများစုဟာ စိတ်ဒဏ်ရာတချို့ရကြပြီး ကယ်ဆယ်ရေးနဲ့ နာရေးလုပ်ငန်းတွေမှာ အရင်ကလို တက်ကြွစွာနဲ့ ကူညီလိုစိတ်တွေ ကျဆင်းကုန်တယ်လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတွေက မှတ်ချက်ပြု ပြောတာတွေလည်း ရှိပါတယ်။
 
ပြီးခဲ့တဲ့ ဇွန်လထဲက မြောင်မြို့နယ်မှာ လူနာပို့ပြန်လာတဲ့ ပရဟိတကားတစ်စီး ပစ်ခတ်ခံရပြီး ကားပေါ်မှာပါတဲ့ စေတနာ့ဝန်ထမ်း ၃ ယောက် သေနတ်နဲ့ ပစ်သတ်ခံရတာလည်း ဖြစ်ခဲ့ပါသေးတယ်။
 
ဓာတ်ပုံ – မုံရွာ လူမှုကယ်ဆယ်ရေး အသင်း
#voiceofmyanmar #VOM #မုံရွာ #ပရဟိတလုပ်ငန်း

Related posts

Leave a Comment

VOM News

FREE
VIEW