အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ အမှုရင်ဆိုင်နေရင်း ပြန်လွတ်လာတဲ့ ရဲဝန်ထမ်းတွေ မူလတာဝန်ကို ပြန်လည်ထမ်းဆောင်ရနိုင်ဖွယ်ရှိ

အောက်တိုဘာ ၊ ၈ ၊ ၂၀၂၁
ရွှေဘုန်းမြတ်စံ ( VOM)
 
အောက်တိုဘာလ ၁ ရက်နေ့ကစပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ တရားရင်ဆိုင်ဆဲ အမှုတွေကို ကျေအေးရုတ်သိမ်းပြီး ပြန်လည်လွတ်ပေးလိုက်တဲ့ အချုပ်တရားခံတွေထဲမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မတွေနဲ့ ဖမ်းခံထားရတဲ့ ရဲဝန်ထမ်း အားလုံးနီးပါး ပြန်လည်လွတ်မြောက်လာတယ်လို့ အကျဥ်းဦးစီး ဌာန အသိုင်းအဝိုင်းက ပြောပါတယ်။
 
၂၀၁၉ – ၂၀ မှာ ထိန်းသိမ်းခံရပြီး သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် တရားလွှတ်တော်ရုံးတွေမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေတွေနဲ့ အမှုရင်ဆိုင် ကြားနာနေရဆဲ အမှုတွေထဲက ရဲဝန်ထမ်းတွေ ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်။
 
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ အမှုရင်ဆိုင်နေရာက ပြန်လည်လွတ်မြောက်လာတဲ့ ရဲဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ အလတ်တန်း ရဲအရာရှိ တစ်ယောက် ပြောတာက
 
” အဂတိမှုနဲ့ စွပ်စွဲခံထားရတဲ့ ရဲတပ်ဖွဲ့ဝင်တွေအပေါ် စွပ်စွဲသူ တရားလိုဘက်က အမှုကြေအေး ရုတ်သိမ်း လွတ်ပေးမယ့် အကြောင်းအရာပေါ်မှာ ကန့်ကွက်တာ ၊ တားမြစ်တာ ၊ မရှိတဲ့အတွက် တရားလွှတ်တော်ရုံးက ပြန်လည်လွတ်ပေးရတာပါ ၊ တရားလွတ်တော်ရုံးရဲ့ စီရင်ချက် အမိန့်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအရ စွပ်စွဲခံထားရတဲ့ တပ်ဖွဲ့ဝင်တွေဟာ အမှု အကြောင်း အချင်းအရာ အရ ပြစ်မှုကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်တာ၊ ပြစ်မှု ပြစ်ဒဏ်ထိုက်ကြောင်း အမိန့်စီရင်ချက် ချမှတ်နိုင်တာ မရှိတဲ့အတွက် ပြန်လည် လွတ်မြောက်လာတဲ့ တပ်ဖွဲ့ဝင်တွေဟာ အပြစ်ရှိတယ်လို့ မှတ်ယူလို့ မရနိုင်တဲ့အတွက် မူလရာထူးနဲ့ မူလတာဝန်ကို ပြန်လည်ထမ်းဆောင်နိုင်တဲ့ အခွင့်အလမ်း ရဖို့ ရာခိုင်နူန်းများတယ် ” လို့ ပြောပါတယ်။
 
ဒါ့အပြင် အဲ့ဒီ ရဲအရာရှိ ဆက်ပြီး ပြောတာက ” ပြန်လွတ်လာတဲ့ တပ်ဖွဲ့ဝင်တွေ မူလတာဝန် ပြန်လည် ခန့်အပ် ထမ်းဆောင်ရမယ်ဆိုရင် တရားရင်ဆိုင် ကာလမှာ ခံစားရမယ့် လစာငွေတွေကို ခြားနား လစာအဖြစ် ပြန်လည်ထုတ်ပေးရမှာ ” လို့ ပြောပါတယ်။
 
ရဲဝန်ထမ်း တချို့ဟာ အမှုသည်တွေ အပေါ်ကနေ နည်းလမ်းမျိုးစုံနဲ့ တံစိုးငွေကြေး တောင်းခံရယူတယ်ဆိုပြီး ပေးဆောင်ရသူတွေက ကျေနပ်မှုမရှိတဲ့အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးကို တိုင်တန်းခဲ့ကြပါတယ်။ အဲလိုတိုင်တဲ့အခါ အဖမ်းခံသူတွေရှိသလို အဖမ်းမခံဘဲ ထွက်ပြေးတဲ့ရဲဝန်ထမ်းတွေလည်းရှိနေပါသေးတယ်။
 
#voiceofmyanmar #VOM #အဂတိလိုက်စားရဲဝန်ထမ်းများ

Related posts

Leave a Comment

VOM News

FREE
VIEW