ခရီးသည် ၁ ​ယောက်ကို ကားခ ၅ သိန်းနီးပါး တောင်းတဲ့ကားသမားကို လောက်ကိုင်ရဲကဖမ်း

အောက်တိုဘာ ၊ ၁၁ -၂၀၂၁
ရွှေဘုန်းမြတ်စံ (VOM)
 
ရှမ်းပြည်နယ်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ လောက်ကိုင်မြို့မှာ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ဖြတ်တောက်တဲ့အနေနဲ့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းတွေကိုတာ စီစစ်ခွင့်ပြုထားပြီး ခရီးသွားလုပ်ငန်းတွေကို တင်းကြပ်စွာ ထိန်းချုပ်ထားတာဖြစ်ပါတယ်။
 
အဲ့ဒီလို တင်းကြပ်ထားတဲ့ကာလမှာ ကားသမားတွေဟာ ခရီးသည်တွေဆီကနေ ကားခ ၄ သိန်းကနေ ၅ သိန်းအထိ အဆမတန် တောင်းယူပြီး ခရီးသည်တွေကို လောက်ကိုင်မြို့ထဲ သွင်းခဲ့တာကို လောက်ကိုင်ရဲကဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
 
” ကိုဗစ်ရောဂါကြောင့် လောက်ကိုင်မှာ လူဝင်လူထွက် တင်းကြပ်ထားတာပါ ၊ အဲ့ဒီ အခြေအနေကို ကားသမားတွေက အခွင့်ကောင်းယူပြီး ခရီးသည်တွေဆီကနေ ကားခတွေ အဆမတန်တောင်းယူတယ် ၊ နောက်ပြီး ခရီးသည်တွေကို ကုန်ပစ္စည်းတွေကြားမှာ ဝှက်ပြီး မိုးကာအုပ်လို့ ကိုဗစ်စစ်ဆေးရေးဂိတ်ကို ခိုးဖြတ်တာ ဖြစ်တယ် ” လို့ လောက်ကိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ အရေးပေါ် တုန့်ပြန်ထိန်းချုပ်ရေးကော်မတီ ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
 
အခုလ ၅ ရက်ကနေ မနေ့ အောက်တိုဘာ ၁၀ ရက်အထိ ၅ ရက်တာကာလမှာ လောက်ကိုင်ဒေသကို အဲ့ဒီလိုနည်းနဲ့ဝင်လာတဲ့ အလုပ်သမား ခရီးသည်ပေါင်း ၆၀ကျော်တွေ့ရတယ်လို့ ကိုဗစ်စစ်ဆေးရေးဂိတ်ကနေ သိရပါတယ်။
 
အလုပ်သမား ခရီးသည်တွေကိုခေါ်လာတဲ့ ကားသမား အရေအတွက်ဟာ ၁ ဒါဇင်ကျော်ခန့်ရှိပြီး ကိုးကန့်ရဲက ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
 
” ကားသမားတွေက ခရီးသည် ၁ ယောက်ကို ကားခ ၄ သိန်းခွဲ ၅ သိန်းတောင်းတယ် ၊ အဲ့ဒါကြောင့် ကားခပိုက်ဆံတွေကို ပြန်ယူပြီး ခရီးသည်တွေကို ပြန်ပေးခိုင်းတယ် ၊ ကားသမားတွေကိုတော့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေအရ အရေးယူနိုင်ဖို့ တင်ပြထားတယ်၊ ခရီးသည်တွေကိုတော့ ကွာရန်တင်စင်တာမှာ ကျူဝင်ခိုင်းထားတာ ” လို့ လောက်ကိုင် ကျန်းမာရေးဝန်ထမ်းတဦးက ပြောပါတယ်။
 
ဒါ့အပြင် လောက်ကိုင် ကိုဗစ်ရောဂါ ထိန်းချုပ် ဖြတ်တောက်ရေးအဖွဲ့က ကားခတွေ အဆမတန် တောင်းယူတာကို ခရီးသည်တွေက သတင်းပေး တိုင်ကြားမယ်ဆိုရင် ကားခ ပိုက်ဆံ ၄ သိန်းခွဲ ၅ သိန်း ပြန်ပေးမယ်လို့ သတင်းထုတ်ပြန်ထားပါသေးတယ်။
 
ပုံစာ – ကိုးကန့်ဒေသ ကိုဗစ် စစ်ဆေးရေးဂိတ်
ဓာတ်ပုံ ၊ ကျန်းမာရေး ဝန်ထမ်း တစ်ဦး
#voiceofmyanmar #VOM #ကိုးကန့

Related posts

Leave a Comment

VOM News

FREE
VIEW