သီတင်းကျွတ်ကာလ ချောင်းသာကမ်းခြေမှာ ရဲနဲ့တပ်အင်အား ၅၀ခန့်နဲ့ စောင့်ကြည့်သွားမယ်

အောက်တိုဘာ ၁၈-၂၀၂၁
GH ( VOM )
 
သီတင်းကျွတ်ပွဲတော်ကာလ ချောင်းသားကမ်းခြေမှာ ရဲ၊ စစ်တပ်နဲ့ ရေပြင်အသက်ကယ်အဖွဲ့အပါအဝင် အင်အား ၅၀ လောက်နဲ့ စောင့်ကြည့်သွားမှာဖြစ်တယ်လို့ ချောင်းသာမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ကနေ သိရပါတယ်။
 
“ကမ်းခြေမှာဆို ရဲတပ်ဖွဲရှိမယ်၊ ပြီးတော့နယ်မြေခံတပ် ရှိမယ်။အုပ်ချုပ်ရေးနဲ့ဌာနဆိုင်ရာပေါင်းထားတဲ့စည်းကမ်းထိန်းသိမ်းရေးကလည်း ၂၀ လောက်ရှိမယ်။ ဒီတော့ စည်းကမ်းထိန်းသိမ်းရေးတပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့နဲ့ တပ်နဲ့ပေါင်းရင် ၂၇ လောက်ရှိမယ်၊ ကမ်းခြေမှာ မိုးတွင်းကာလတွေမှာပါ ဆောင်ရွက်နေတဲ့အရပ်သားဝန်ထမ်း ၁၀ ယောက်ရှိမယ်၊ရေပြင်အသက်ကယ် ၁၀ ယောက်လည်းရှိမယ်။ ဆိုတော့ တနေ့ကို အယောက် ၅၀ လောက်ရှိနေမယ်။ မလိုလားအပ်တာတွေမဖြစ်ဖို့နဲ့ ခရီးသွားတွေဘေးကင်းလုံခြုံဖို့အတွက်ပါ” လို့ ချောင်းသာမြို့နယ်အုပ်ချုပ်ရေးမှူး ဦ်းကျော်သူကပြောပါတယ်။
 
ဒါ့အပြင် အထက်လူကြီး ခေါင်းဆောင်ပိုင်းတွေကလည်း mobile team နဲ့ စောင့်ကြည့်နေမှာဖြစ်ပြီး ချောင်းသာမြို့တွင်း မြို့ပြင်ကိုလည်း ၂၄ နာရီ စောင့်ကြည့်ကာ လှည့်လည်စစ်ဆေးမှုတွေပြုလုပ်နေမှာဖြစ်တယ်လို့ ပြောပါတယ် ။
 
သီတင်းကျွတ် ရုံးပိတ်ရက်မရောက်ခင် အခုရက်ပိုင်းထဲက ချောင်းသာကမ်းခြေမှာ ခရီးသွားတွေရှိနေကြောင်း၊ အပန်းဖြေလာမယ့် ခရီးသွားတွေအနေနဲ့ ကိုဗစ်ဆိုင်ရာ သတ်မှတ်စည်းကမ်းနဲ့အညီ နေထိုင်ခြင်းဖြင့် အနားယူလည်ပတ်နိုင်တယ်လို့လည်း သိရပါတယ်။
 
“ဟိုတယ်အားလုံး ဘိုကင်ပြည့်နေတာတော့မဟုတ်ဘူး။ ဒါပေမယ့် ဘိုကင်တွေတော့ ရှိနေတယ်။ တချို့က ကိုယ်တည်းချင်တဲ့ဟိုတယ်နဲ့ တည်းချင်တဲ့အခန်းမရနိုင်တာမျိုးရှိမယ်။ဥပမာ sea view တွေမျိုးဆိုရင်ပြည့်နေမယ်။ဖွင့်တာလည်း နည်းသေးတာကိုး။အဓိက ပြန်ဖွင့်ဖြစ်တာ ဝန်ထမ်းတွေနဲ့ဒေသခံစားဝတ်နေရေးအရမ်းခက်ခဲလာလို့ပါ။ ကွာရန်တင်းဝင်လို့ရမယ့်နေရာတွေလည်း ပြင်ဆင်ထားပါတယ် “လို့ ချောင်းသာဟိုတယ်ဇုန်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမင်းကျော်ဦးကပြောပါတယ်။
 
လက်ရှိ ချောင်းသားကမ်းခြေမှာ ဟိုတယ်နဲ့ခရီးသွားဝန်ကြီးဌာနလိုင်စင်ရ ဟိုတယ် ၃၀ ကျော်ရှိပြီး ကိုဗစ်စည်းကမ်းနဲ့အညီ စစ်ဆေးမှုတွေလုပ်ပြီး ပြန်ဖွင့်နေတဲ့ ဟိုတယ် ၁၆ လုံးနဲ့ တည်းခိုခန်း အလုံး ၂၀ ကျော်ခန့် ဖွင့်ထားတယ်လို့သိရပါတယ်။
 
သီတင်းကျွတ်ပွဲတော်ရက်အတွက် ချောင်းသာကမ်းခြေမှာ ဟိုတယ်အခန်းတွေ ကြိုတင်မှာယူမှုတွေများနေပေမယ့် အခန်းလွတ်မရှိအောင် ပြည့်နေခြင်းမျိုးတော့ မဟုတ်ဘူးလို့ သိရပါတယ်။
 
ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေကို သွားမယ်ဆိုပါက ပုသိမ်မြို့အဝင်စစ်ဆေးရေးဂိတ်ကို ဖြတ်သန်းရတာကြောင့် ခရီးသွားထောက်ခံချက်၊မှတ်ပုံတင်တွေမဖြစ်မနေဆောင်သွားဖို့လိုအပ်ပြီး၊ ကာကွယ်ဆေးထိုးပြီးပါက ထောက်ခံချက်လက်မှတ်ယူဆောင်သွားဖို့လိုအပ်တယ်လို့ ပုသိမ်ဒေသခံတွေက အကြံပြုထားပါတယ်။
 
ပုံစာ – ချောင်းသာကမ်းခြေသန့်ရှင်းရေးလုပ်နေပုံ
#voiceofmyanmar #VOM #ချောင်းသား #သီတင်းကျွတ် #လုံခြုံရေး

Related posts

Leave a Comment

VOM News

FREE
VIEW