စစ်ကိုင်းတိုင်း ၁ တိုင်းလုံးမှာ လွတ်ငြိမ်းနဲ့ ၄၄၆ ယောက် လွတ်မြောက်

အောက်တိုဘာ ၊ ၁၉ ၊ ၂၀၂၁
VOM
 
စစ်ကိုင်းတိုင်း တတိုင်းလုံးမှာ လွတ်ငြိမ်းနဲ့ ပြန်လွတ်လာတဲ့သူ ၄၄၆ ယောက်ရှိတယ်လို့ သိရပါတယ်။
 
အခုနှစ် ဖေဖော်ဝါရီနောက်ပိုင်းမှာ နိုင်ငံတော် အရေးပေါ်ဥပဒေပုဒ်မတွေနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ လူတွေထဲက သီတင်းကျွတ် လွတ်ငြိမ်းအဖြစ် အမှုရုတ်သိမ်းပြီး ပြန်လွတ်ပေးလိုက်တာ ဖြစ်တယ်လို့ နစက ရဲ့ သတင်းထုတ်ပြန်ချက်တွေက ဖော်ပြထားပါတယ်။
 
” စစ်ကိုင်းတိုင်း ၁ တိုင်းလုံးအနေနဲ့ ပြန်လည်လွတ်မြောက်လာတဲ့သူ ၄၄၆ ယောက်ရှိပြီး အဲ့ဒီအထဲက မုံရွာခရိုင် ၄ မြို့နယ်က ၂၇ ယောက် ပါတယ် ” လို့ မုံရွာ နိုင်ငံရေး အသိုင်းအဝိုင်းက ပြောပါတယ်။
 
မနေ့ အောက်တိုဘာ ၁၈ ရက်က ပြန်လွှတ်ပေး​ပေမယ့် အချုပ်တရားခံ စာရင်းဇယားတွေ ပြုစုချိန် မလုံလောက်တာကြောင့် ဒီကနေ့ နေ့လယ်ပိုင်းကြမှ အဲ့ဒီ အချုပ်တရားခံ ၄၄၆ ယောက်ကို စစ်ကိုင်းတိုင်းထဲက အကျဥ်းထောင်တွေနဲ့ ရဲစခန်းတွေကနေ ပြန်လွတ်ပေးလိုက်တာ ဖြစ်ပါတယ်။
 
” စစ်ကိုင်းတိုင်းမှာက မုံရွာ ၊ ရွှေဘို ၊ ကသာ ၊ ကလေး ၊ ခန္တီး ဆိုပြီး အကျဥ်းထောင် ၅ ခုရှိတယ် ၊ အကျဥ်းစခန်းတွေကတော့ များတယ် ၊ အခုပြန်လွတ်ပေးတာ အကျဥ်းထောင်နဲ့ ရဲစခန်းအမှုတည်ဆောက်နေတုန်း အချုပ်တရားခံတွေဖြစ်တယ် ” လို့ ပြန်လည်လွတ်မြောက်လာသူတွေရဲ့ မိသားစုတွေက ပြောပါတယ်။
 
ဒါ့အပြင် ပြန်လည်လွတ်မြောက်လာသူ တစ်ယောက်က ” လက်မှတ်ထိုးခဲ့တယ် ၊ နောက်တကြိမ် အသစ်ဖမ်းခံရမယ်ဆို အခု ရင်ဆိုင်ဖို့ ကျန်ခဲ့တဲ့ အမှုအတွက်ရောပါ ထပ်ပြီး ရင်ဆိုင်ရမှာ” လို့ ​ပြောပါတယ်။
 
စစ်ကိုင်းတိုင်းထဲက ဒီကနေ့ ပြန်လည်လွတ်မြောက်လာတဲ့ ၄၄၆ ယောက်အနက် လူသိများပြီး ထင်ရှားကျော်ဇောတဲ့ နိုင်ငံရေးနယ်ပယ် ၊ သတင်းမီဒီယာ နယ်ပယ်နဲ့ အနုပညာ ဂီတ ၊ သဘင် ၊ နယ်ပယ်က လူတွေ ပါဝင်လာတာ မရှိဘူးလို့ သိရပါတယ်။
 
မနေ့ အောက်တိုဘာ ၁၈ က အခုလို ပြန်လည်လွတ်မြောက်လာသူတချို့ကို ပြန်လည်ဖမ်းဆီးတာတွေ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လာပေမယ့် VOMအနေနဲ့ အတည်ပြုဖို့ ​စုံစမ်းနေဆဲဖြစ်ပါတယ်။
 
ပုံစာ – မုံရွာထောင်ရှေ့က ဒီကနေ့ မြင်ကွင်း
#voiceofmyanmar #VOM #အကျဥ်းထောင် #လွတ်ငြိမ်း

Related posts

Leave a Comment

VOM News

FREE
VIEW