ရဲစခန်းမီးလောင်တာကို စစ်ဆေးပြီး ပြန်လာတဲ့ မြို့နယ်ရဲမှူးကား မိုင်းပေါက်ကွဲ ရဲ ၂ ယောက် ဒဏ်ရာရ

အောက်တိုဘာ ၊ ၁၉ -၂၀၂၁
VOM
 
စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ တန့်ဆည်မြို့နယ်၊ နဘက်ကြီးကျေးရွာရဲ့တောင်ဘက် နဘက်ကြီး-တန့်ဆည်ကားလမ်းမှာ မနေ့ အောက်တိုဘာ ၁၈ ရက် မနက် ၁၀ နာရီဝန်းကျင်က ကားလမ်းဘေးမှာ မိုင်းပေါက်ကွဲခဲ့တဲ့အတွက် တန့်ဆည်မြို့နယ် ရဲတပ်ဖွဲ့မှူးရဲ့ကား မိုင်းစထိမှန် ပျက်စီးခဲ့ပြီး ကားပေါ်ပါ ရဲ ၂ ယောက် မိုင်းစထိမှန် ဒဏ်ရာရခဲ့တယ်လို့ တန့်ဆည်နယ်ခံတွေက ပြောပါတယ်။
 
အဲ့ဒီ မြို့နယ်ရဲမှူးကား မိုင်းထိမှန်တာနဲ့ ပတ်သက်လို့ တန့်ဆည်မြို့နယ်ကောင်စီရုံးနဲ့ နီးစပ်သူ တယောက်က
” နဘက်ကြီးရဲစခန်း မီးလောင်တဲ့ကိစ္စနဲ့ သွားစစ်ဆေးပြီး တန့်ဆည်ကို ပြန်အလာ နဘက်ကြီးရွာရဲ့ တောင်ဘက်မှာ လမ်းဘေးမိုင်း ၃ လုံးပေါက်ကွဲတာပါ ၊ အဲ့ဒီ ပေါက်ကွဲမှုကြောင့် မိုင်းထိမှန်ပြီး ကားနောက်ခန်းမှာ လိုက်လာတဲ့ တန့်ဆည်မြို့နယ်ရဲမှူးရုံးက ရဲတပ်ကြပ်ကြီး တင်အောင်နဲ့ လုံခြုံရေး ရဲတပ်ရင်း အမှတ်-၁၆ က ရဲတပ်သား ကျော်ဇေယျဖြိုး ၊ သူတို့ ၂ ယောက် မိုင်းစထိမှန် ဒဏ်ရာရခဲ့တယ် ၊ ဒဏ်ရာက စိုးရိမ်ရတဲ့ အခြေအနေတော့ မဟုတ်ဘူးလို့ သိရတယ် ၊ နောက်ပြီး မိုင်းထိမှန်တဲ့ကားက ရဲကားမဟုတ်ဘူး ၊ ထွေ/အုပ်ရုံးပိုင်ကားဖြစ်တယ် ၊ ကားရဲ့ဘယ်ဘက်အခြမ်း ထိခိုက်ပျက်စီးခဲ့တာ ” လို့ ပြောပါတယ်။
 
ပြီးခဲ့တဲ့ လပိုင်းတွေက စစ်ကိုင်းတိုင်းထဲမှာ သက်ဆိုင်ရာအဖွဲ့ယာဥ်တန်းတွေ ဖြတ်သန်းနေတဲ့အချိန် လမ်းဘေးမိုင်း ပေါက်ကွဲတာတွေ မကြာခဏ ဖြစ်ပေါ်နေပါတယ်။
 
ဒါ့အပြင် အခုလ ၁၁ ရက် မနက် အစောပိုင်းက မုံရွာခရိုင် ချောင်းဦးမြို့တောင်ဘက် မှန်ချိုရွာအနီးက ချောင်းဦး-ပခုက္ကူ ကားလမ်းမှာ ပေါက်ကွဲတာတွေ ဖြစ်ခဲ့ပါသေးတယ် ။
 
အဲ့ဒိအပြင် အခုလ ၁၀ ရက်နေ့ကလည်း စစ်ကိုင်းခရိုင် မြင်းမူမြို့နယ် မုံရွာ မန္တလေး ကားလမ်းမှာ စစ်ကိုင်းတိုင်း အစိုးရဖွဲ့ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးအဖွဲ့ ကားတွေ ဖြတ်သွားတဲ့အခါ ပေါက်ကွဲတာတွေ ဖြစ်ခဲ့ပါသေးတယ် ။
 
အဲ့ဒါကြောင့် အခုရက်ပိုင်းအတွင်း လမ်းဘေးမိုင်း ပေါက်ကွဲဖြစ်စဥ်တွေကြောင့် စစ်ကိုင်းတိုင်းက မြို့နယ်တချို့မှာ ဒဏ်ရာရတာ ၊ သေဆုံးတာ အပြင် ကားတွေ ထိခိုက်ပျက်စီးတာတွေရှိတယ်လို့ သိရပါတယ်။
 
#voiceofmyanmar #VOM #စစ်ကိုင်း #ရဲမှူးကား #လမ်းဘေးမိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW