အပျိုကြီး ဆင်ကြီးမိုမိုရဲ့ ၆၈နှစ်ပြည့် မွေးနေ့

အေးချမ်းသူ(VOM)

တခါက မြန်မာအသံရဲ့ တနင်္ဂနွေနေ့တွေမှာ ထုတ်လွှင့်နေကျ “မိသားစု တနင်္ဂနွေ” သီချင်းကြောင့် ပိုပြီးလူသိများလာတဲ့ ပြည်သူ့အချစ်တော် ဆင်ကြီးမိုမိုဟာ အောက်တိုဘာ ၂၂ရက်မှာ အသက် ၆၈ နှစ် ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် ပြည်သူ့အချစ်တော် ဆင်ကြီးမိုမိုဟာ အပျိုကြီးပင်ဖြစ်နေပြီး ယခုအချိန်ထိ ကြင်ရာဖက်မရသေးပေ။

ဆင်ကြီးမိုမိုကို ကယားပြည်နယ်၊ လွိုင်ကော်မြို့က ဦးခွန်ဆန္ဒ က ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီ ၆ရက်မှာ တိရိစ္ဆာန်ဥယျာဉ်(ရန်ကုန်)သို့ ပေးပို့လှူဒါန်းခဲ့ပြီး လှူဒါန်းစဉ်က အသက် ၆နှစ်သာရှိပါသေးတယ်။ ဥယျာဉ်အတွင်းမှာ နှစ်ပေါင်း ၆၀ ကျော်ကြာ ကျန်းမာပျော်ရွှင်စွာနဲ့
ယနေ့တိုင် ပြည်သူ့မေတ္တာကိုခံယူနေတဲ့ သက်တော်ရှည်ဆင်မကြီးလည်း ဖြစ်ပါတယ်။

အတူနေပြုစုစောင့်ရှောက်ကြတဲ့ ဝန်ထမ်းတွေနဲ့ အတူနေအဖော်တိရိစ္ဆာန်တွေဟာ အသက်အရွယ်အရ အနားယူသွားပြီဖြစ်သော်လည်း ဆင်မကြီးမိုမိုကတော့ ယနေ့ထိတိုင် တိရိစ္ဆာန်ဥယျာဉ်(ရန်ကုန်)မှာ ကျန်းမာစွာရှိနေပါတယ်။

မိုမိုဟာ ၁၉၉၂ ခုနှစ်မှာကျင်းပတဲ့ မြင်းခင်းသဘင်ပွဲတော်၊လှေသ
ဘင်ပွဲတော်၊တရုတ်ပြည်မှ စွယ်တော်ပင့်ဆောင်ရာမှာလည်း ၂ကြိမ်
တိုင်တိုင်ပါဝင်ခဲ့ပြီး ရွှေတိဂုံဘုရားမြောက်ဘက်စောင်းတန်းကြီးဖွင့်ပွဲမှာလည်း ဝန်ထမ်းများနဲ့အတူ ပါဝင်ကုသိုလ်ယူခဲ့ပါတယ်။

သူမဘဝတလျှောက်လုံးမှာ ၁၉၉၆ ခုနှစ် ဇန်နဝါရီလ ၂၃ရက်ကနေ ၁၉၉၇ ခုနှစ် ဇန်နဝါရီ ၃ ရက်နေ့အထိ အစာအိမ်ဝေဒနာပြင်းထန်စွာခံ
စားခဲ့ရသော်လည်း ဝန်ထမ်းများစောင့်ရှောက်မှုကြောင့် ပြန်လည်ကျန်းမာလာခဲ့ပြီး ယခုအချိန်ထိ ဘဝကိုအေးချမ်းစွာဖြတ်သန်းခဲ့သူပါ။

အခုချိန်မှာ ပြည်သူ့အချစ်တော်မိုမိုဟာ အတူနေအဖော်ဖြစ်တဲ ဆင်မလေး မျိုးမျိုး၊ လှချော၊ မချောလေး တို့အလယ်မှာ အမကြီး အမိအရာသဖွယ် စီမံအုပ်ချုပ်စောင့်ရှောက်လျှက်ရှိပါတယ်။

အောက်တိုဘာ ၂၂ရက် မနက်မှာတော့ တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)မှာ ဆင်မကြီးမိုမိုရဲ့ ၆၈ နှစ်ပြည့်မွေးနေ့ကို လာရောက်သူများပြားပြီး မိုမိုကသူရဲ့အဖော်ဆင်မလေးတွေနဲ့အတူ ကိတ်ခွဲစားသောက်ကြတာကလည်း ကြည်နူးစရာမြင်ကွင်းပင်ဖြစ်ပါတယ်။

ဆင်မကြီးမိုမိုမွေးနေ့မှာ နှစ်ပါးခွင်အက၊ မျက်လှည့်၊ ဦးရွှေရိုး
နဲ့ ဒေါ်မိုးအက၊ ဟာသလူရွင်တော်ရာဇာပေါက်စီ၊ လန်ဒန်တို့ရဲ့ဟာ
သတွေကလည်း ပရိတ်သတ်တွေ အမောပြေစရာပင်ဖြစ်ပါတယ်။

ဆင်တွေနဲ့ပတ်သက်ပြီး လေ့လာကြည့်မယ်ဆိုပါက ဆင်တွေဟာ အာရှဆင်နဲ့အာဖရိကဆင် ဆိုပြီး နှစ်မျိုးရှိသလို ၂၀ ရာစုအစောပိုင်းကာလမှာ အာရှဆင်အကောင်ရေ တစ်သိန်းခန့်ရှိကနေ ယခုအခါ အကောင်ရေ ၃၅၀၀၀ ကနေ ၄၀၀၀၀ အထိသာ ကျန်ရှိပါတော့တယ်။

အာဖရိကဆင်တွေကတော့ ၂၀ ရာစုအစောပိုင်းကာလမှာ အကောင်
ရေသိန်းချီရှိသော်လည်း ယခုအခါ ၄၅၀၀၀ ကနေ ၇၀၀၀၀ အတွင်းသာရှိပါတော့တယ်။

အာရှဆင်တွေကို ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ လာအို၊ သီရီလင်္ကာ၊ ကမ္ဘောဒီးယား၊ တရုတ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ်တို့မှာ တွေ့ရပါတယ်။

မြန်မာနိူင်ငံမှာတော့ ရခိုင်ရိုးမ၊ ပဲခူးရိုးမ၊ ဧရာဝတီတိုင်း၊ ကချင်ပြည်
နယ်၊ ရခိုင်ပြည်နယ်တို့မှာ အများဆုံးတွေ့ရပါတယ်။

အာရှဆင်တွေဟာ ၈ပေ ကနေ ၁၀ ပေအထိရှိပြီး ကိုယ်အလေးချိန်မှာ
ပေါင် ၁၁၀၀၀ ရှိတယ်လို့ သိရပြီး အရွယ်ရောက်ချိန် အသက် ၁၅နှစ်ကနေ အသက်၈၀အထိ သက်တမ်းရှိကာ အစားအစားများကတော့ ကြံ၊ သစ်သီး၊ ဌက်ပျောသီး၊ မြက်စို၊ နွယ်ပင်တွေကိုသာ စားသုံးကြပြီး ကိုယ်ဝန်ဆောင်ချိန်မှာ ၁၈လ ကနေ ၂၂လအထိ ကြာမြင့်တက်ပြီး မျိုးသုန်းမှုနဲ့ ကြုံတွေ့နေရတဲ့ သတ္တဝါအမျိုးအစားပင်ဖြစ်ပါတယ်။

ဆင်တွေရဲ့ သွင်ပြင်လက္ခဏာခန္ဓာကိုယ်မှာ မီးခိုးရောင်(သို့)အညိုမွဲရောင်ဖြစ်ပြီး နားရွက်တွေကတော့ သေးငယ်ကာ ဝိုင်းသည်၊ တခါတရံ အမများတွင် အစွယ်တိုလေးများ ပါလေ့ရှိပြီး ချောမွတ်ပြီး သွယ်တန်း ရှည်လျားသော နှာမောင်းရှိပါတယ်။

နှာမောင်းနဲ့ အသက်ရှူခြင်း၊ ရေသောက်ခြင်း၊ အစာစားခြင်း၊ ထိတွေ့ခြင်း၊ ဆုပ်ကိုင်ခြင်း၊ ကာကွယ်ခြင်း၊ ထိခိုက်ခြင်းများ ပြုလုပ်နိူင်ပြီး
ဆင်တွေရဲ့ ဦးနှောက်ဟာ လူတွေရဲ့ဦးနှောက်ထက် ၃ဆခန့်ပိုကြီးမား၍ (၁၁)ပေါင်ခန့်အလေးချိန်ရှိကာ မှတ်ဉာဏ်စွမ်းရည်အလွန်ကောင်းတယ်လို့လည်း သိရပါတယ်။

ဆင်တွေဟာ လွန်ခဲ့တဲ့ နှစ် ၂၀ခန့်က ကျက်စားခဲ့တဲ့ စားကျက်မြေနေရာတွေကို မှတ်မိပြီး ပြန်လည်ရောက်ရှိနိုင်စွမ်းရှိတဲ့ ဆင်တွေဟာ မိမိကိုယ်မိမိ ပြန်သိနိုင်တဲ့ အသိဉာဏ်ရှိကြပါတယ်။

ဆင်ထီးတွေဟာ တစ်ကောင်ခြင်းနေလေ့ရှိပေမယ့်လည်း တခါတရံ အုပ်စုငယ်များဖွဲ့နေလေ့ရှိပြီး ဆင်အမတွေကတော့ အသက်ကြီးတဲ့
ဆင်မက ဦးဆာင်၍ အုပ်စုဖွဲ့နေလေ့ရှိပါတယ်။

ရေကူးကျွမ်းကျင်ပြီး အမြင်အာရုံ အားနည်းသော်လည်း အနံ့ခံမှုနဲ့ အကြားအာရုံ လွန်စွာကောင်းကာ တစ်နေ့ကို ၃နာရီ၊ ၄နာရီမျှသာ အိပ်လေ့ရှိပြီး တုံးလုံးလှဲ၍ အိပ်တက်ပါတယ်။

ဆင်အများစုဟာ တစ်နေ့ကို ပေါင် ၃၀၀ ကနေ ၅၀၀ အတွင်းစားနိုင်သော်လည်း အစာချေဖျက်မှုစနစ် အားနည်းသဖြင့် အစာတစ်ဝက်ခန့်အား မစင်အဖြစ်ပြန်လည်စွန့်ထုတ်ကြပါတယ်။

ရေကို လီတာ ၈၀ ကနေ ၂၀၀လီတာအထိ သောက်နိုင်ပြီး တစ်နေ့ကို ၁၅ကြိမ် ကနေ ၂၀ကြိမ်အထိ ကျင်ငယ်စွန့်တက်သလို နှစ်စဉ်မုန်ယိုလေ့ရှိပြီး တစ်ကြိမ်မုန်ယိုလျှင် ၂ပတ်ခန့်ကြာတက်၍ မုန်ယိုချိန်မှာ ရန်လို၍ ရန်မူတက်ပါတယ်။

ဆင်စွယ်အရွယ်အစား ၆မျိုးရှိပြီး စွယ်ဝိုက်၊ ဌက်ပျောဖူး၊ ကြက်နင်း၊
သပိတ်ဝိုက်၊ စွယ်တုတ်၊ စွယ်ကား တို့ဖြစ်ပါတယ်။ ဆင်ကျောကုန်းပုံစံများမှာလည်း ၅မျိုးရှိပါတယ်။ ဌက်ပျောကိုင်း၊ကျောတန်း၊ ဝက်ကုန်း၊ ငါးဖယ်ကုန်း၊ ကျောပြသာဒ်(သို့)ကုန်းပြသာဒ်
တို့ဖြစ်ပါတယ်။

သုတေသနပြုလုပ်ထားတဲ့ သတင်းအချက်အလက်အရ ၂၀၁၇ခု
နှစ်မှာ ဆင်အကောင်ရေ ၃၀၀၀ ကျော်ရှိပြီး ပုဂ္ဂလိက ဆင်အနေနဲ့
မှတ်ပုံတင်ထားရှိမှု ၁၆၇၀ ကျော် ရှိတဲ့အတွက် အိမ်မွေးဆင်ကောင်ရေ ၅၀၀၀ ကျော်ရှိလာပြီဖြစ်ပါတယ်။

တောပြုန်းခြင်း ၊တောခုတ်၍ မြေယာအသုံးချခြင်း၊ စားကျက်မြေများပျက်စီးပျောက်ဆုံးခြင်း၊ ရာသီဥတုပြောင်းလဲခြင်း၊ ဥပဒေလိုက်
နာမှုနည်းခြင်း၊တောရိုင်းတိရိစ္ဆာန်များ တရားမဝင်ကုန်သွယ်ခြင်း၊ တိ
ရိစ္ဆာန်ထွက်ပစွည်းများ ဈေးကွက်ကြီးမားလာခြင်းတွေဟာလည်း တောဆင်ကောင်ရေ လျော့နည်းစေတဲ့ အကြောင်းအရင်းတွေဖြစ်ပါ
တယ်။

အိမ်မွှေးဆင်ကောင်ရေလျှော့နည်းစေတဲ့အကြောင်းအရင်းတွေက
တော့ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ထိန်းသိမ်းစရိတ်မြင့်မားခြင်း၊ စားကျက်မြေလျှော့နည်းလာခြင်း၊ တရားမဝင်ကူးသန်းရောင်းဝယ်ခြင်း၊ မှတ်ပုံတင်ဆောင်ရွက်မှုနည်းပညာအားနည်းခြင်းနဲ့လွှတ်ကျောင်းစဉ် အမဲလိုက်သတ်ဖြတ်ခံရခြင်းတို့ကြောင့်ပဲဖြစ်ပါတယ်။

ဆင်မကြီးမိုမိုနေထိုင်ရာ တိရိစ္ဆာန်ဥယျာဉ်(ရန်ကုန်)ဟာ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ တည်ရှိပြီး တိရစ္ဆာန်ဥယျာဉ်ဝန်းကျင်နဲ့အနီးတဝိုက် ထင်ရှားတဲ့နေရာတွေကတော့ ရွှေတိဂုံဘုရား ၊ ကန်တော်ကြီး ဟိုတယ် ၊ အောင်ဆန်းကွင်း နဲ့ ရန်ကုန်ဘူတာကြီးတို့ ဖြစ်ပါတယ်။

ရန်ကုန်မြို့ရှိ တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)မှာ ဗြိတိသျှအစိုးရလက်ထက်က တည်‌ထောင်ခဲ့တာဖြစ်ပါတယ်။ ရန်ကုန်တိရစ္ဆာန်ဥယျာဉ် မတည်‌ဆောက်မီ ၁၈၈၂ ခုနှစ်က ‌တောရိုင်းတိရစ္ဆာန်တွေကို ဖမ်းဆီးကာ ဖယ်ရှာပြတိုက်(ရန်ကုန်မြို့ ပြည်သူ့‌ဆေးရုံကြီး‌)မှာ ပြသခဲ့တာဖြစ်ပါတယ်။

တိရစ္ဆာန်တွေကို ပြည်သူတွေ အများအပြားလာရောက်ကြည့်ရှူကြ၍ တိရစ္ဆာန်ဥယျာဉ်တည်ဆောက်ဖို့ ဗြိတိသျှအစိုးရကစီစဉ်ခဲ့ပါတယ်။

၁၉၀၁ ခုနှစ်မှာတော့ ဝိတိုရိယဘုရင်မကြီး နန်းသက် ၂၅ နှစ်‌မြောက်အထိမ်းအမှတ်အဖြစ် သီးခြားတိရစ္ဆာန်ဥယျာဉ်တစ်ခု တည်‌ဆောက်ရန်အတွက် ပြည်သူလူထုထံမှ‌ကောက်ခံရရှိ‌သော အလှူ‌ငွေ ၂၄၀၀
၀၀ ကျပ်နဲ့ ကန်‌တော်ကြီးအနီးရှိ ‌မြေရိုင်း ၆၁ ဧကကိုရှင်းလင်းတည်
ဆောက်ခဲ့ကြပါတယ်။

တိရိစ္ဆာန်ရုံတည်ဆောက်ပြီး ၅နှစ်အကြာ ၁၉၀၆ ခုနှစ်မှာ ဖယ်ရာပြတိုက်က တိရစ္ဆာန်တွေကို တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)သို့ တဖြည်းဖြည်း ပြောင်းရွှေ့ထည့်သွင်း မွေးမြူ ပြသခဲ့ပါတယ်။

အသစ် ဆောက်လုပ်ပြီးသွားတဲ့ တိရစ္ဆာန်ဥယျာဉ်ကို အင်္ဂလန်ပြည်က ‌ဝေလမင်းသားနဲ့ကြင်ယာ‌တော်တို့ဟာ ၁၉၀၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ရက်
မှာ အခမ်းအနားနဲ့ ဖွင့်လှစ်ခဲ့ပြီး ဝိတိုရိယဘုရင်မအထိမ်းအမှတ်ပန်းခြံနဲ့ တိရစ္ဆာန်ဥယျာဉ်လို့ အမည်‌ပေးခဲ့ကြပါတယ်။

၁၉၀၈ ခုနှစ်မှာ ဝိတိုရိယဘုရင်မအထိမ်းအမှတ်ပန်းခြံ ( Victori
a Memorial Park )ကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်လို့ အမည်ပေးခဲ့တာဖြစ်ပါတယ်။

လက်တလော တိရိစ္ဆာန်ဥယျာဉ်(ရန်ကုန်)မှာ နို့တိုက်သတ္တဝါ ၄၄မျိုး
အကောင်ရေ ၅၈၅ ကောင် ၊ ကျေးဌက် ၇၂ မျိုး အကောင်ရေ ၆၁၀ ကောင် ၊တွားသွားသတ္တဝါ ၁၉မျိုး အကောင်ရေ ၁၈၆ကောင် ရှိပြီး စုစုပေါင်း ၁၃၅မျိုး အကောင်ရေ ၁၃၈၁ကောင် ရှိတယ်လို့ သိရပါတယ်။

တိရိစ္ဆာန်ဥယျာဉ်(ရန်ကုန်)ကို လာရောက်လည်ပတ်သူတွေဟာ နေ့ခင်းပိုင်းမှာ ဆင်မကြီးမိုမိုနဲ့အတူ အမှတ်တရဓာတ်ပုံတွဲရိုက်ကြပါတယ်။

“မိုမိုက တိရိစ္ဆာန်ရုံကို ရှာကျွေးနေတာလေ သူကျန်းမာရေးကောင်းမှ
ဖြစ်မှာ သူ့ကြောင့်လည်း ကလေးတွေ လူကြီးတွေလာကြတာ”လို့ အမျိုးသမီးတဦးက ချီးကျူးထောပနာပြုရင်း ပြုံးနေပါတော့တယ်။

#voiceofmyanmar #VOM #ဆောင်းပါး #ဆင်မကြီးမိုမို #၆၈နှစ်ပြည့်

Related posts

Leave a Comment

VOM News

FREE
VIEW