တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းကြား တိုက်ပွဲတွေရပ်ပေးဖို့ ကျောက်မဲစစ်ရှောင်‌တွေ ဆန္ဒဖော်ထုတ်

နိုဝင်ဘာ ၁၅-၂၀၂၁
Shy V(VOM)
 
တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းကြား တိုက်ပွဲဖြစ်ပွားမှု ရပ်တန့်ပေးဖို့ ကျောက်မဲစစ်ရှောင်တွေနဲ့ ရှမ်းပြည်နယ်က ပြည်သူအချို့ဟာ မနေ့နိုဝင်ဘာ၁၄ ရက်နေ့က ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ စစ်ရှောင် ပြည်သူတွေနဲ့ ဒေသခံပြည်သူတွေကို ကူညီပေးနေတဲ့ တာဝန်ရှိသူတွေဆီက သိရပါတယ်။
 
စစ်ရှောင်ပြည်သူ ၄၀၀ ကျော် အပါအဝင် ရှမ်းရှေ့၊ ရှမ်းတောင်၊ ရှမ်းမြောက် အမြို့မြို့အနယ်နယ်ကလာတဲ့ ဧည့်သည်တွေနဲ့ ဆရာတော်တွေ၊ လာကူတဲ့သူတွေ ပါဝင်သူအားလုံး ၈၀၀ ခန့်ရှိတယ်လို့ ဒေသခံ ၁ ဦး ဖြစ်တဲ့ ဦးစိုင်းကူးက ပြောပါတယ်။
 
“အဓိက စစ်ပွဲကို ရပ်ပေးဖို့၊ လူ့အသက်ထက် တန်ဖိုးရှိတာ ဘာမှမရှိဘူး ဆိုတာရယ် ငြိမ်းချမ်းရေးအတွက် စားပွဲခုံမှာ ဆွေးနွေးပေးပါဆိုတဲ့အချက်ရယ် စစ်ပွဲ အလိုမရှိ စသဖြင့် အဓိက တောင်းဆိုချက် ၄ ချက်” လို့ အမည်မဖော်လိုသူ ဦးဆောင်သူ ၁ ဦးက ပြောပါတယ်။
 
လက်ရှိ ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းတို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို လက်နက်နဲ့မဖြေရှင်းဘဲ စားပွဲခုံပေါ်မှာ ဆွေးနွေးဖြေရှင်းနိုင်ဖို့ သံဃာတွေနဲ့ပြည်သူတွေ ပူးပေါင်းပြီး ပြီးခဲ့တဲ့အောက်တိုဘာ ၁၆ ရက်နေ့က ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး ဖြစ်မြောက်အောင်မြင်အောင် အစွမ်းကုန် ကြိုးစားနေတယ်လို့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့က တာဝန်ရှိသူ ၁ ဦးက ပြောပါတယ်။
 
“အဲ့ဒီကိစ္စကိုလည်း တိုင်ပင်ဆွေးနွေးနေတယ်။ အတတ်နိုင်ဆုံး ပြေလည်အောင် လုပ်ပေးမယ်။ သံဃာတွေ ဦးဆောင်ပြီးတော့ လုပ်သွားမယ်။” လို့ သူက ပြောပါတယ်။
 
လက်တလော ကျောက်မဲမြို့ပေါ်မှာ စစ်ရှောင်စခန်း ၆ ခု၊ မိုင်းတင်းရွာမှာ ၃ ခု၊ မိုင်းငေါ့ရွာမှာ ၄ ခု ရှိပြီး ကြူရှောမှာ ရှောင်တိမ်းလာသူတွေကတော့ နေရပ် ပြန်သွားပြီဖြစ်ကာ ကျောက်မဲမြို့ပေါ်မှာ စစ်ရှောင်အဟောင်း ဦးရေ ၁၄၀၀ ကျော်၊ အသစ် ၈၀၀ ဝန်းကျင်ခန့် စုစုပေါင်း ဦးရေ ၂၀၀၀ ခန့် ရှောင်တိမ်းနေဆဲဖြစ်တယ်လို့ စစ်ရှောင်စခန်း‌တွေကို ကူညီစီမံပေးတဲ့ တာဝန်ရှိသူ ၁ ဦးက ပြောပါတယ်။
 
ကျောက်မဲမြို့နယ်အတွင်း RCSS နဲ့ SSPP၊ TNLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေတာ ၆ လ ကျော်ကြာနေတာဖြစ်ပြီး နှစ်ဖက် စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
Photo – ဒေသခံ
#voiceofmyanmar #VOM #ကျောက်မဲ #စစ်ပွဲတွေရပ်ဖို့ #ဆန္ဒဖော်ထုတ်

Related posts

Leave a Comment

VOM News

FREE
VIEW