မြန်မာ-တရုတ် ကုန်သွယ်ရေးဂိတ်ပေါက် ၂ ခု စဖွင့်

နိုဝင်ဘာ ၂၇-၂၀၂၁
Shy V(VOM)
 
ရှမ်းပြည်နယ်မြောက်ပိုင်း မြန်မာ – တရုတ် ကုန်သွယ်ရေး ဂိတ်ပေါက် ၂ ခု စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း နယ်စပ်ကုန်သွယ်ရေး အသိုင်းအဝိုင်းကနေ သိရပါတယ်။
 
မူဆယ်ဘက်က ကျင်းစန်းကျော့ မြန်မာ -တရုတ် နှစ်နိုင်ငံ ကုန်သွယ်ရေးဂိတ်ပေါက်ကို မနေ့ နိုင်ဝင်ဘာလ ၂၆ ရက်နေ့ တရုတ်စံတော်ချိန် မနက် ၁၀ နာရီမှာ ဖွင့်လှစ်ခဲ့ပြီး ချင်းရွှေဟော်ဂိတ်ကိုတော့ တရုတ်စံတော်ချိန် ညနေ ၃ နာရီမှာ ပြန်လည်ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။
 
ကွန်တိန်နာစနစ်နဲ့ မြန်မာဘက်က ၅ စီးထွက်ပြီး တရုတ်ဘက်က ၅ စီးနဲ့ ဆိုင်ကယ်ပစ္စည်းတွေဝင်မှာဖြစ်တယ်လို့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တာဝန်ရှိသူ ၁ ဦးက ပြောပါတယ်။
 
“မြန်မာဘက်ခြမ်းကနေ တရုတ်ဘက်ကို ရာဘာ ၂ စီး၊ ဆန်ကွဲ ၂ စီး၊ သီဟိုဠ်စေ့ ၁ စီး စုစုပေါင်း ကွန်တိန်နာ ၅ စီး ပို့လိုက်ပြီး အဝင်၊ အထွက် ကွန်တိန်နာ ၅ လုံး စီ နဲ့ စတင်ပါပြီ။”လို့ မြန်မာဘက်ခြမ်းက မနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ကုန်သည် ၁ ဦးက ပြောပါတယ်။
 
ကုန်သည်၊ ကုန်ဂိတ်၊ ယာဉ်ပိုင်ရှင်၊ယာဉ်မောင်းတွေအနေနဲ့ ကွန်တိန်နာစနစ်နဲ့ ကုန်ကျစရိတ် အဆမတန် မြင့်နေလို့ အဆင်မပြေကြောင်း မြန်မာ-တရုတ် ကုန်သွယ်ရေးနဲ့ ဆက်စပ်လုပ်ကိုင်နေတဲ့သူတွေက ပြောပါတယ်။
 
ကွန်တိန်နာ လဲလှယ်တဲ့စနစ်နဲ့ တစ်နေ့ကို ကွန်တိန်နာ ၅ လုံးသာ တင်ပို့ခွင့်ရကာ အလှည့်ကျ စောင့်ရမှာဖြစ်တဲ့အပြင် ကွန်တိန်နာပေါ်တင်ဖို့အတွက် ကွင်းဝင်ကြေး ၂ သောင်းကျပ်၊ ပိုးသတ်ခ ၂ သောင်း၊ ရှန်တိန် (ခေါက်တို)ခ ကျပ် ၁ သောင်း၊ ဆေးစစ်ခ ၁ သောင်း စုစုပေါင်း ၆ သောင်းကျပ်အပြင် ကွန်တိန်နာ ငှားရမ်းခ တရက်ကို ယွမ် ၂၀၀၊ အတင်အချ ယွမ် ၂၀၀၊ ကျင်စမ်းကျော့ဂိတ်အထိ သယ်ယူစရိတ် ယွမ် ၃၈၀၀ စုစုပေါင်း ယွမ် ၄၂၀၀ ထပ်မံကုန်ကျရမှာဖြစ်ကြောင်း မြန်မာကုန်သည် ၁ ဦးက ပြောပါတယ်။
 
ချင်းရွှေဟော်ဂိတ် ပြန်လည်ဖွင့်လှစ်ပြီး တရုတ်ဘက်ကို ပထမဆုံးတင်ပို့တဲ့ကုမ္ပဏီ လင်ချန်း ကျီစစ်တာ အီးကော်မာစ်ကုမ္ပဏီလီမိတက်မှ မြန်မာနိုင်ငံဘက်ကနေ လက်ဖက်ခြောက်ကား ၂ စီး၊ မနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့က တရုတ်နိုင်ငံဘက် စမ်းသပ်တင်ပို့ခဲ့ကာ ဒီကနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာတော့ အဲ့ဒီကုမ္ပဏီမှ ကုန်ကား ၂ စီးကနေ မြန်မာဘက်ကို ပြန်ဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
 
တရုတ်ဘက်က ကိုဗစ်အကြောင်းပြချက်နဲ့ ဇူလိုင်လ ၈ ရက်နေ့ကစ ကျန်းမာရေးသုံးပစ္စည်းကလွဲပြီး ကျန်တဲ့ကုန်တွေကို ရက်အကန့်အသတ်မရှိပိတ်ခဲ့ကာ မနေ့ နိုဝင်ဘာ ၂၆ ရက်နေ့ကမှ ဂိတ်ပေါက် ၂ ခုကို နှစ်နိုင်ငံ တရားဝင် ပြန်လည်ဖွင့်လှစ်ခဲ့တာလည်း ဖြစ်ပါတယ်။
 
Photo- မင်္ဂလာ၊ ကုန်သည်၊ ကုန်ဂိတ်များ
#voiceofmyanmar #VOM #မူဆယ#ကုန်သွယ်ရေးဂိတ်နှစ်ခု #ပြန်ဖွင့်

Related posts

Leave a Comment

VOM News

FREE
VIEW