မန္တလေး – မုံရွာကားလမ်းမှာ မိုင်းပေါက်ကွဲပြီး ကုန်တင်တွဲကား ၁ စင်း ပျက်စီး ၊ လူ ၂ ဦး ဒဏ်ရာရ

ဒီဇင်ဘာ ၊ ၂ -၂၀၂၁
နှင်းဖြူဝေ (VOM)
 
စစ်ကိုင်းတိုင်း မုံရွာမြို့နယ် မန္တလေး – မုံရွာ အဝေးပြေးကားလမ်းပေါ်မှာ ဒီကနေ့ နေ့လယ်ပိုင်းက မိုင်းပေါက်ကွဲမှုတရပ်ဖြစ်ပေါ်ခဲ့ပြီး အဲ့ဒီပေါက်ကွဲမှုကြောင့် ကုန်တင်တွဲကား ၁ စီး ပျက်စီးကာ ဆိုင်ကယ်နဲ့ ဖြတ်သန်းသွားလာနေသူ၂ ယောက်လည်း မိုင်းစထိမှန် ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ မျက်မြင်တွေ့လိုက်တဲ့ မုံရွာမြို့ခံတွေက ပြောပါတယ်။
 
မျက်မြင်တွေ့လိုက်ရတဲ့ မုံရွာမြို့ခံတယောက်က ” ကျွန်တော့် ကားရှေ့မှာတင် ဖြစ်သွားတာပါ ၊ ကျွန်တော်က မုံရွာဘက်ကနေ ချောင်းဦးဘက်ကိုအသွား မျက်နှာချင်းဆိုင် ယာဥ်ကြောဘက်မှာ ပေါက်ကွဲတာဖြစ်တယ် ၊ ၂၂ ဘီးကုန်တင်ကား ၁ စီးက ဘီးအလုံး ၂၀ ကွဲထွက်သွားတာ ၊ အဲ့ဒီနားကို ဖြတ်မောင်းသွားတဲ့ ဆိုင်ကယ် ၂ စီး ၊ လူ ၂ ယောက်လည်း မိုင်းထိပြီး လဲကျတယ် ” လို့ ပြောပါတယ်။
 
ဒါ့အပြင် မုံရွာဆေးရုံရဲ့ လူနာမှတ်တမ်းမှာ မိုင်းစထိမှန် ဒဏ်ရာရတဲ့ လူ ၂ ယောက်ကတော့ မုံရွာမြို့ စွမ်းရည်ထက် စက်သုံးဆီဆိုင်က အသက် ၇၅ နှစ်အရွယ် အမျိုးသားကတော့ ဝဲဘက်ခြေတောက် ပြင်းထန်ဒဏ်ရာရခဲ့ပြီး ၊ မုံရွာ – ချောင်းဦး လမ်းပိုင်း ဘီးခွန်ကောက်ခံရေး တာဝန်ခံ ရွှေတောင်ကုမ္မဏီတိုလ်းဂိတ်က ဝန်ထမ်း အသက် ၃၂ နှစ်အရွယ်အမျိုးသားကတော့ ကျောပြင်မှာ မိုင်းစထိမှန် ဒဏ်ရာတွေ ရခဲ့တာလို့ ဖော်ပြထားပါတယ်။
 
ပျက်စီးခဲ့တဲ့ ကုန်တင်တွဲကားပေါ်မှာ ယာဥ်မောင်းအပါအဝင် လူ ၃ ယောက် လိုက်ပါခဲ့ပေမယ့် ထိခိုက်ဒဏ်ရာ ရတာတွေမရှိဘူးလို့ သိရပါတယ်။ ဒါပေမယ့် ကားဘီးအလုံး ၂၀ ပျက်စီးသွားပြီး ကားဆီတိုင်ကီလည်း ပျက်စီးခဲ့တာ ဖြစ်ပါတယ်။
 
အခုရက်ပိုင်း မုံရွာမြို့ကို ဆက်သွယ်ထားတဲ့ ပင်မကားလမ်းမကြီးတွေမှာ မကြာခဏ မိုင်းပေါက်ကွဲတာတွေ ဖြစ်ပေါ်နေပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက် ညနေပိုင်းကလည်း မုံရွာကနေ ဒီဇယ်ဆီပေပါတွေ သယ်လာတဲ့ ၁၂ ဘီး ကုန်တင်ကား ၂ စီး မုံရွာ-နောင်ကြီးအိုင်-ရွှေဘို ကားလမ်းမှာ မိုင်းမိပြီး ကား ၂ စီးပျက်စီးကာ ကားသမား ၁ ယောက် ပြင်းထန်ဒဏ်ရာရခဲ့တဲ့ ဖြစ်စဥ်လည်း ဖြစ်ခဲ့ပါသေးတယ်။
 
ပုံစာ -ဒီကနေ့မနက် မိုင်းမိထားတဲ့ကားကိုမြင်ရပုံ
#voiceofmyanmar #VOM #မုံရွာ #ကားလမ်းမိုင်းပေါက်ကွဲ #လူနှစ်ဦးဒဏ်ရာရ

Related posts

Leave a Comment

VOM News

FREE
VIEW