မုံရွာမှာ RNA လူငယ်သတင်းထောက် ၁ ဦး ဖမ်းဆီးခံထားရ

ဒီဇင်ဘာ ၊ ၁၃ -၂၀၂၁
နှင်းဖြူဝေ (VOM)
 
စစ်ကိုင်းတိုင်း ၊ မုံရွာမြို့မှာ ဒေသတွင်း သတင်းအချက်အလက်တွေကို လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ တဆင့်ရေးသားဖြန့်ဝေနေတဲ့ Regional News Agency RNA သတင်းအဖွဲ့က သတင်းထောက် လူငယ် ၁ ဦး မနေ့ ဒီဇင်ဘာ ၁၂ ရက် နေ့လယ်ပိုင်းက အဖမ်းခံရတယ်လို့ ဒေသဆိုင်ရာလူမှုကွန်ရက်သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
 
” သူဘယ်မှာ အဖမ်းခံရတယ်ဆိုတာ အတိအကျ မသိရသေးမယ့် အဖမ်းခံရတာ သေချာတယ် ၊ သူက မုံရွာမြောက်ဘက်က အလုံမှာနေတယ်ဆိုတာတော့ သိတယ် ၊ အဖမ်းခံရတယ်ဆိုတာ အတည်ပြုလို့ရပါတယ် ” လို့ မုံရွာအခြေစိုက် သတင်းမီဒီယာလုပ်ငန်းတွေနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
 
အသက် ၁၇ နှစ်အရွယ် လူငယ်သတင်းထောက်တယောက်ဖြစ်တဲ့ မောင်မင်းသိုက် ဆိုသူဟာ မနေ့ ညနေပိုင်း ၂ နာရီဝန်းကျင်မှာ အဖမ်းခံလိုက်ရတာ ဖြစ်ပါတယ်။
 
” မနေ့က ညနေပိုင်းမှာ မုံရွာ အလုံရပ်ထဲက ဘုန်းကြီးကျောင်း ၁ ခုကို စစ်သားနဲ့ ရဲတွေ ဝင်ရောက်ရှာဖွေတာ ရှိတယ်လို့ ကြားရတယ် ၊ သံဃာ ၁ ပါး အပါအဝင် အားလုံး ၇ ယောက် အဖမ်းခံရတယ် ၊ အဲ့ဒီထဲမှာ သတင်းထောက် မင်းသိုက်လည်း ပါသွားတာ ဖြစ်နိုင်တယ် ” လို့ အလုံနယ်ခံတယောက်က ပြောပါတယ်။
 
ဒါ့အပြင် လူငယ်သတင်းထောက် မောင်မင်းသိုက် အဖမ်းခံရတယ်ဆိုတဲ့ သတင်းအချက်အလက် သိနိုင်ဖို့ မုံရွာမြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားတာ မရှိခဲ့ပါဘူး။
 
အဲ့ဒါကြောင့် လူငယ်သတင်းထောက် မင်းသိုက် အဖမ်းခံရတယ်ဆိုတာပဲ စုံစမ်းသိရှိရပြီး သူဘာကြောင့် အဖမ်းခံရတယ်ဆိုတာ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
 
ပုံစာ -RNA လူငယ်သတင်းထောက် မင်းသိုက်ပုံ
#voiceofmyanmar #VOM #မုံရွာ #RNAသတင်းထောက် #ဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW